(Unicode)
ခုချိန်မှာ အွန်းဘီကို ယွန်းဂီအတွက် ပြောချင်တဲ့စကားဟုမေးလာခဲ့လျှင် နေနိုင်လိုက်တာဟူသည့် တစ်ခွန်းသာ ဖြေမိမည်မှာအမှန်။ နဂိုထဲက ဟန်ဆောင်ကောင်းသည့်သူမို့ သူများတွေအမြင်တွင် အေးဆေးသည်ဟု ထင်ရလောက်သော်လည်း တကယ်တမ်း ရင်ထဲမှာ ကမ္ဘာပျက်နေသည်ကို ကိုယ်သာသိသည်။ စာမလာ၊ သတင်းမကြား၊ တွေ့လည်း မတွေ့ဖြစ်သည်မှာ တစ်ပတ်တင်းတင်းပြည့်ခဲ့လေပြီ။ဟိုတယ်တွင်လည်း အလုပ်တို့ကို ပုံမှန်အတိုင်းပင် လုပ်နေခဲ့သော်လည်း စိတ်တို့ကတော့ တစ်ယောက်သောသူဆီမှာပင်။ မြန်မြန်မေ့နိုင်ရန်ဟူသည့် အကြောင်းပြချက်ဖြင့် အလုပ်တွေကိုပင် ပိုပြီး ဖိလုပ်မိသည်။
"မမ နေရောကောင်းရဲ့လား... ခရီးကပြန်လာပြီးမှ အားမရှိသလို ဖြူဖျော့နေတာပဲ""ဟိုမှာလည်း အလုပ်ပင်ပန်း၊ ဒီမှာလည်း အိပ်ရေးပျက်တာ များလို့ နေမှာပါ"
"ကျန်းမာရေး ဂရုစိုက်ဦးနော်... မန်နေဂျာကို သွားပေးရမယ့်အစီရင်ခံစာ ရပြီမို့လို့ လာပေးတာ.. အစ်မနေမကောင်းရင် ညီမ သွားပေးပေးရမလား.."
"ရတယ်... နေ နေ။ ငါပဲ သွားလိုက်မယ်"
လာပေးသည့် ဖိုင်ကို ယူကာ အွန်းဘီ ဂျုံးဂုရုံးခန်းသို့ သွားလိုက်သည်။ ယွန်းဂီနဲ့သူမတို့ ပြဿနာတက်ရခြင်းသည် ဂျုံးဂု ပယောဂမှ ကင်းရဲ့လား...။
"ဒီမှာ ဒီလအတွက် အစီရင်ခံစာတွေတော့ရပြီ... အထက်ကို မတင်ခင် လက်မှတ်ထိုးစရာရှိတာ၊ ဘာညာ နင်သေချာစစ်လိုက်ဦး""အင်း စားပွဲပေါ်ပဲ တင်ခဲ့လိုက်လေ... ပြီးရင် ငါဖတ်လိုက်မယ်... ဒါနဲ့"
"အင်း... ဘာပြောမလို့လဲ"
"သြော်... ယွန်းဂီနဲ့ အဆင်ပြေလား မေးမလို့ပါ"
"နင် ငါ့မျက်နှာကိုကြည့်တာနဲ့ ငါ ဘာဖြစ်နေလဲ သိတာပဲဟာ... မှန်းကြည့်ပေါ့"
အွန်းဘီ ဂျုံးဂုကို ခပ်ငေါ့ငေါ့သာ ပြောမိလိုက်သည်။ အမှတ်မထင် ဂျုံးဂုမျက်နှာတွင် ရုတ်တရက်ပေါ်လာသည့် အပြုံးငယ်တစ်ခုနှင့် မျက်နှာကိုတည်ကာ ချက်ချင်းဖုံးကွယ်လိုက်တဲ့သူ။ မဟုတ်မှလွဲရော...
"နင်... နင်မလား... ယွန်းဂီကို ပြောလိုက်တာ နင်မလား"