(Unicode)
မနေ့တနေ့ကအထိ မူလို့ကောင်းနေပြီး အခုကျတော့ မီရာလေယာဉ်နဲ့ ဘူဆန်သို့သွားလိုက်သွားမည်ဟုဆိုလာသည့် မင်ယွန်းဂီကို မီယောင်း ပိတ်ကန်ချင်စိတ်တွေပင် တဖွားဖွား။ ခွဲနိုင်ကြတာလည်း မဟုတ်ဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုသေချာမယူသည့် ဒီတဇွတ်ထိုးနဲ့ တစောက်ကန်းအတွဲသည် သူသာ မြားနတ်မောင် ဝင်မလုပ်ရင် ပြတ်တော့မည်မှာ အမှန်။မင်ယွန်းဂီ လိုက်သွားမယ့်ပုံစံကိုလည်း ကြည့်ဦး.. နှစ်ရက်လောက် လိုက်သွားပြီးချော့ရုံကို လက်ဆွဲအိတ်အကြီးကြီးနဲ့။ မသိရင် ဟိုမှာ တမုန်းနေပြီး ပြန်လာမယ့်အတိုင်းပဲ။ အင်းပေါ့... ပြောလို့မှမရတာ သူတို့ဘာသာသူတို့ ဟိုမှာအဆင်ပြေပြီး အွန်းဘီက ခေါ်ထားမယ်ဆိုလည်း ပြီးတာပဲ... ဆိုးလ်မှာလာပွမ်နေကြတာထက်စာရင် နားအေးတယ်ဟုသာ မီယောင်းတွေးလိုက်သည်။
"မီယောင်း... နင့်ကို ကျေးဇူးတင်ပါတယ်""ဘာတုန်း... ငါက အွန်းဘီအတွက် မနေနိုင်လွန်းလို့ လုပ်ပေးတာ၊ ကျေးဇူးမတင်နဲ့ ရတယ်"
ကျေးဇူးတင်စကားပြောပြီးတာတောင် အနားကမသွားသေးဘဲ ယောင်လည်လည်လုပ်နေသဖြင့် မင်ယွန်းဂီမှာ ပြောစရာ ကျန်နေသေးကြောင့် မီယောင်းသိလိုက်သည်။
"နင် ဘာပြောချင်သေးလို့တုန်း""ဟိုဟာလေ... ဘူဆန်က အွန်းဘီ အိမ်လိပ်စာလေးများ..."
"မပေးဘူး... ကိုယ့်ဘာသာကိုယ်ရှာ"
"ဘာ... နင်ဒါကြီးကတော့ များသွားပြီ"
"ဘယ်သူ့ကြောင့် အွန်းဘီက ပြန်သွားရတာလဲပြော"
ယွန်းဂီ ဘာမှမပြောတော့ဘဲ လှည့်ထွက်သွားပြီး ခပ်လှမ်းလှမ်းက ခုံမှာ ထိုင်လိုက်သည်။ မီယောင်းစိတ်ထဲမှာတော့ ဟိုမှာ တစ်ရက်လောက်တော့ လှိမ့်ပိမ့်ခံပါလေ့စေလို့ တေးထားသည်။ ခုတော့ မပေးနိုင်သေး။ခဏနေတော့ ယွန်းဂီလည်း လေယာဉ်ပေါ်တက်ရန် အထဲသို့ ဝင်သွားလေပြီ။ သွားခါနီးတော့ ကောင်းကောင်းမွန်မွန် နှုတ်ဆက်သွားသားပဲဟု မီယောင်း စဉ်းစားလိုက်သေးသည်။ ရင်ထဲမှာတော့ အဆင်ပြန်ပြေကြရန်သာ ဆုတောင်းပေးရင်း...။
===============
တစ်နာရီသာသာမျှ လေယာဉ်စီးပြီးသော် ဘူဆန်သို့ ရောက်ခဲ့လေပြီ။ မီယောင်းက လိပ်စာမပေးသောကြောင့် ဘယ်ကစပြီး ရှာလို့ရှာရမည် မသိဖြစ်နေသည်။ အရင်ဆုံး နေဖို့နေရာ... တစ်ယောက်ထဲလာတာဆိုတော့ ဟိုတယ်တွေ၊ ဘာတွေ တက်တည်းစရာတော့မလို။ တည်းခိုခန်း ဒါမှမဟုတ် apartmentကောင်းကောင်းသန့်သန့်တစ်ခုတွင် ကျောတစ်ခင်းစာရရင် ဖြစ်သည်။