(Unicode)
မနေ့က လွဲခဲ့သည့်အလွဲကြောင့် ယွန်းဂီ ညဘက်ပင် အိပ်မပျော်။ သူ တွေ့လိုက်တာ အွန်းဘီမှန်း သူ သေချာသိသည်။ သို့သော်လည်း မီခါနီးလေးမှ လှစ်ခနဲ ပျောက်သွားသည်ကြောင့် ယွန်းဂီ တော်တော်လေးကို မချင့်မရဲဖြစ်မိသည်။ အွန်းဘီဟာ တကယ်ပဲ အရှောင်အပုန်းကောင်းတာလား...။သူမကို မတွေ့လိုက်ရသည်နှင့်အတူတူ ယွန်းဂီ အဲ့ဒီနားတစ်ဝိုက်ကို နယ်မြေလေ့လာရေး လုပ်လာသည်လေ။ ကော်ဖီဆိုင်က မနက်ရှစ်နာရီဆို ဖွင့်ပြီဆိုသောကြောင့် သူအစောကြီးကတည်းက သွားစောင့်နေရန် ကြံစည်ထားသည်။ အနီးတစ်ဝိုက်မှာက ကုန်စုံဆိုင်နှင့် စတိုးဆိုင် သုံးခုလောက်တော့ ရှိသည်။ ကျန်တာက လူနေအိမ်တွေချည်းပဲ။
"ဒီနေ့တော့ မိအောင် ဖမ်းပြမယ်"
ယွန်းဂီ မခံချင်စိတ်ဖြင့် အိပ်ရာမှ ထရင်း တွေးလိုက်မိသည်။ မျက်နှာမှာတော့ ညစ်ကျယ်ကျယ်အပြုံးနှင့်...။ နာရီကို ကြည့်လိုက်တော့ ၇နာရီ... ဆိုးလ်မှာလို လမ်းပိတ်မှာကို စိုးရိမ်စရာမလိုသောကြောင့် ဆိုင်ကို အချိန်မီရောက်မှာပဲဟု ယွန်းဂီ တွက်လိုက်သည်။ယောက်ျားလေးဆိုတော့ ဘာမှသေချာအချိန်ယူ ပြင်ဆင်စရာမလို။ ရေမိုးချိုးပြီးသည်နှင့် အဝတ်အစား ဝတ်လိုက်ရုံပင်။ အွန်းဘီနဲ့ တွေဖို့ဆိုတော့ နည်းနည်းတော့ သားသားနားနားဝတ်လိုက်တယ်ပေါ့လေ...။ မှန်ကြည့်ပြီး ကိုယ့်ကိုယ်ကို ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသည်။ အကုန်အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ကားဂိတ်သို့ ထွက်လာလိုက်သည်။
ခံလိုက်ဦးပေါ့ မင်ယွန်းဂီရေ မင်းက မှားမိတော့လည်း...။
==============
.. ကလင်.. ကလင်..
ဆိုင်ကို ဝင်လိုက်သည်နှင့် တံခါးတွင် ချိတ်ထားသည့် ခေါင်းလောင်းလေးမြည်သွားသည်ကို အွန်းဘီ သဘောကျသည်။ အစောဆုံးရောက်လာသောကြောင့် ဆိုင်ထဲတွင် လူရှင်းနေသည်။ ဆိုင်မှာ ဧည့်သည်မရောက်ခင်လေး အွန်းဘီ ဆိုင်တံခါးကို ဖွင့်လိုက်၊ ပိတ်လိုက် သုံးခါလောက်လုပ်ကာ ခေါင်းလောင်းကို မြည်အောင် ဆော့လိုက်သည်။
"တံခါးပျက်ရင် နင်လျော်မှာလား""အဟီး... ထယ်ယောင်းကလည်း ငါငယ်ငယ်ထဲက အဲ့ဒီခေါင်းလောင်းသံကို ကြိုက်တာ သိရဲ့သားနဲ့"
ဆိုင်ပိုင်ရှင် ထယ်ယောင်း၏ ငေါက်သံကြောင့် အွန်းဘီ ကုတ်ကုတ် ကုတ်ကုတ်ဖြင့် နီးရာစားပွဲတွင် ဝင်ထိုင်လိုက်သည်။ ထယ်ယောင်းနဲ့ အွန်းဘီက ငယ်သူငယ်ချင်းတွေ... သူ့အဘိုးလက်ထက်ကတည်းက ဒီကော်ဖီဆိုင်လေးဖွင့်လာတာ အခုတော့ ထယ်ယောင်းလက်ထဲတောင် ရောက်ပေါ့။ သူတို့သာ အသက်တွေကြီးပြီး ပြောင်းလဲသွားပေမယ့် ဆိုင်လေးကတော့ သူတို့ငယ်ငယ်က ပြေးလွှားဆော့ခဲ့စဉ်က ပုံစံအတိုင်း ဘာမှမပြောင်းလဲ။
"ခါတိုင်းလို Latteလား"