(Unicode)
မှိုင်တွေချနေသည့် အွန်းဘီကို ကြည့်ရင်း မီယောင်းပင် စိတ်မသက်မသာ ဖြစ်မိသည်။ အွန်းဘီ၏အကြောင်းကို အသိဆုံးသူငယ်ချင်းတစ်ယောက်အနေဖြင့် သူမ ဘယ်လောက်ထိ စိတ်ဖိစီးမှုများနေမလဲဆိုတာ တွေးကြည့်ရုံနှင့်ပင် သိသည်လေ။
"မီယောင်း ငါ တကယ်အရမ်းတွေ စိတ်ပူနေတယ်... ဖြစ်နိုင်ရင် အဲ့ခရီးကို မသွားချင်ဘူး""နင် ငြင်းလို့ရရင် ငြင်းကြည့်ပါလား"
"ဒီလောက် လူတကာ သွားချင်တဲ့ဟာကို ငါရထားတာ ငြင်းလိုက်လို့လည်း မကောင်းဘူး... လူအမြင်ကပ်ခံရလိမ့်မယ်"
"အဲ့ဒီ ဂျုံးဂုဆိုတဲ့ကောင်ကို ငါ ရိုက်သတ်လိုက်ချင်တယ်။ နင့်မှာ သူ့ကြောင့် ဘယ်လောက်ခံစားခဲ့ရလဲ... အခုမှ ယွန်းဂီကြောင့် နင်စိတ်ချမ်းသာရရုံရှိသေးတယ် သူက တစ်စခန်းထပြန်ပြီ"
မီယောင်း ဒေါသထွက်ထွက်ဖြင့် ပြောလိုက်မိသည်။ အွန်းဘီကတော့ မျက်နှာလေးကို ငယ်လို့။ သူမ ဘာကို စိုးရိမ်စိတ်ကြီးနေလဲ မီယောင်း ရိပ်မိပါသည်။ အွန်းဘီက ယွန်းဂီရှေ့မှာသာ ဆိုးရင် ဆိုးမယ်၊ အိမ်မှာ ရှိနေတဲ့အချိန်ဆို မီယောင်းနဲ့ ယွန်းဂီအကြောင်းပြောဖြစ်ရင် အွန်းဘီ သုံးတဲ့စကားအသုံးအနှုန်းလေးတွေက သူမ ဘယ်လောက်ထိ ချစ်ရှာတယ်ဆိုတာ သိသာသည်။
"ငါလေ... ဂျုံးဂုကို တကယ်ကြောက်တယ် သိလား... ငါနဲ့ ယွန်းဂီကို မကွဲကွဲအောင် လုပ်လိမ့်လို့ ငါ့စိတ်ထဲမှာ ထင်နေတယ်""အွန်းဘီ ကာယကံရှင်ဖြစ်တဲ့ နင်ကိုယ်တိုင်က ဒီလိုဖြစ်နေရင် ယွန်းဂီဆို ဘယ်လိုလုပ်မလဲ... ယွန်းဂီကို သဘောပေါက်အောင် ရှင်းပြပြီး နင်တို့နှစ်ယောက် နားလည်မှုသေချာယူထားပေါ့"
မီယောင်း၏ အားပေးစကားကြောင့် အွန်းဘီ မျက်လုံးလေးတွေ အရောင်တွေ တောက်သွားသည်။ ဟုတ်သားပဲ... ယွန်းဂီက သူ့ကို ဒီလောက်ချစ်တဲ့ဟာ... အွန်းဘီသာ သေချာပြောရင် လက်ခံပေးမှာပဲ။ ဒါပေမယ့် တစ်ဖက်ကလည်း ဂျုံးဂုအကြောင်းကို သိထားသဖြင့် စိတ်ပူတာကတော့ လျော့မသွား။
"ယွန်းဂီကလေ... ဂျုံးဂုကြောင့် ငါအသည်းကွဲပြီး ငါးနှစ်အတွင်း အခွင့်အရေးပြန်ပေးခဲ့တဲ့ ပထမဆုံးယောကျ်ားလေးပဲ"