(Unicode)
အွန်းဘီ အမျှော်လင့်ရဆုံးသောနေ့သို့ ရောက်ခဲ့ပြီလေ။ ပြဿနာတက်ပြီးကတည်းက စွပ်စွဲမှုများစွာတို့ဖြင့် သူမ ဖုန်းကို လုံးဝမကိုင်တော့သော ယွန်းဂီ။ ဂျပန်တွင် ကျန်သည့်ရက်များကို ယွန်းဂီ၏အသံလေးပင် မကြားရဘဲ သူမ တစ်ယောက်တည်း ပင်ပန်းကြီးစွာဖြတ်သန်းခဲ့ရသည်။ ယွန်းဂီ ဘာဖြစ်သွားတာလဲ အွန်းဘီ လုံးဝစဉ်းစားမရ။ ဂျပန်သို့ ထွက်လာခါနီးအထိ သူမအား တပွေ့ပွေ့ တဖက်ဖက်လုပ်ခဲ့တဲ့သူက ခုကျလည်း ပြောင်းလဲသွားတာမှ သူစိမ်းတစ်ယောက်အလား...။လေယာဉ်သည် အသွားတုန်းထက်ကို နှေးနေသည်ဟုပင် ခံစားလာရသည်။ အွန်းဘီ ကိုရီးယားသို့ ပြန်ဆိုက်မည့်အချိန်ကိုသာ လည်တဆန့်ဆန့်မျှော်နေမိသည်။ သူမ စိတ်ထဲတွင် ယွန်းဂီတစ်ယောက်ထဲသာ ရှိသည်။ ယွန်းဂီတွင် သူမကို အထင်လွဲပိုင်ခွင့်ရှိသလို သူမလည်း ယွန်းဂီကို ရှင်းပြခွင့်ရှိသည်ဟု အွန်းဘီ ခံယူထားသည်။
"အွန်းဘီ... ငါဒီမှာ""သြော် မီယောင်း..."
လေယာဉ်မဆိုက်သေး၍လည်း ရင်မောခဲ့ရသလို ခုလို လေဆိပ်ထဲရောက်လို့ လာကြိုသည့်သူ ယွန်းဂီ ဖြစ်မနေသည့်အတွက်လည်း အွန်းဘီ ထပ်ပြီး ရင်ပူရပြန်သည်။ အင်းပေါ့... သူက အွန်းဘီကို အထင်လွဲနေတာပါဆို ဘယ်လာကြိုမှာလဲ... နားလည်ပါတယ်။ အထင်လွဲသမျှ ရှင်းပြပြီးရင်တော့ အရင်လိုပြန်ဖြစ်မှာပါဟု အွန်းဘီ ယုံကြည်ချက်လေး မရဲတရဲ ထားထားမိသည်။
"နင်နဲ့ ယွန်းဂီ ပြဿနာတက်လို့ဆို""ဟိုဆော့ပြောတာလား"
"အင်း... နင့်မျက်နှာလေးကို ချောင်သွားတာပဲ အွန်းဘီရယ်"
"အိမ်အရင် ပြန်ရအောင်... ငါ ဟိုတယ်ကို ပြန်ရောက်ပြီဆိုတာ အကြောင်းလှမ်းကြားလိုက်ဦးမယ်"
မီယောင်းက လေဆိပ်ရှေ့က တက္ကစီတစ်စီးပေါ်သို့ သူမ၏ အထုတ်အပိုးတွေကို တင်နေစဉ် အွန်းဘီလည်း ဟိုတယ်သို့ ဖုန်းဆက်လိုက်သည်။ ကားပေါ်သို့ရောက်လို့ မီယောင်းမှ စကားစကြည့်သော်လည်း အွန်းဘီ ပြန်မပြောမိ။ လေဆိပ်မှ အိမ်သို့ ပြန်သည့်လမ်းတစ်ဝက်ကျော်လောက်အထိ အွန်းဘီ ဘာစကားမပြောနိုင်လောက်အောင် တိတ်ဆိတ်လျက်။
"ငါ မနက်ဖြန်တစ်ရက်တော့ ဟိုတယ်ကို မသွားလည်းရတယ်၊ သူတို့က လာချင်လည်း လာ၊ ခရီးအရမ်းပန်းနေရင်လည်း မလာနဲ့တဲ့... အဲ့တော့ နင် ဟိုဆော့ကို ယွန်းဂီရဲ့ အိမ်လိပ်စာနဲ့ သူ့ studioလိပ်စာလေး မေးပေးပါ... သူငါ့ဆီ မလာမှတော့ ငါသူ့ဆီသွားမယ်"