(Unicode)
မနက်ပိုင်း မင်္ဂလာပွဲပြီးသည်နှင့် သူတို့ မူလစီစဉ်ထားသည့်အတိုင်း နေ့ခင်းတွင် လေယာဉ်နဲ့ ဂျယ်ဂျူသို့ ထွက်လာခဲ့လိုက်သည်။ တစ်နာရီစွန်းစွန်းလောက် စီးခဲ့ပြီးနောက် ဂျယ်ဂျူသို့ ရောက်ခဲ့ပြီလေ...။လေဆိပ်ကနေ တည်းခိုမည့်နေရာသို့ သွားသည့်လမ်းတွင် ယွန်းဂီ ဘာရယ်မဟုတ် အတိတ်ကို တစ်ခုချင်း ပြန်တွေးကြည့်မိသည်။ အမှတ်မထင် မိုးတွေရွာတဲ့နေ့ စတိုးဆိုင်လေးမှာ စတွေ့ရာကနေ သူချစ်ခဲ့ရတာ၊ သူမအနားကို ကပ်ခွင့်ရဖို့တောင် မနည်းအားယူပြီး ကြိုးစားနေတဲ့ အချိန်မှာတင် ယောင်ရမ်းပြီး ဖွင့်ပြောမိတာတွေ၊ နောက်ပိုင်းလွဲလိုက်တဲ့အလွဲတွေဆိုတာလည်း ပြန်စဉ်းစားကြည့်တော့ ရယ်စရာတောင် ကောင်းနေသလိုလို၊ ရန်ဖြစ်ခဲ့ရတာတွေကလည်း အမှတ်တရတွေကို ဖြစ်လို့...။
အစကတော့ သူမနဲ့ သူငယ်ချင်းဖြစ်ခွင့်ရဖို့တောင် မနည်းကြိုးစားရတာ၊ ခင်မင်ခွင့်ရပြန်တော့ကြလည်း သူမရဲ့နှလုံးသားကို အပိုင်ရဖို့ တစ်ခါခက်ခက်ခဲခဲ ထပ်ကြိုးစားရပြန်ရော...။ သူမအချစ်ကို ရပြန်တော့လည်း တစ်သက်လုံးပိုင်ဆိုင်ခွင့်ရဖို့အရေး လုံးပမ်းရပြန်တယ်။ကိုယ့်ကြိုးစားမှုတွေ အရာထင်ခဲ့ပါတယ်... ခုဆို သူမက သူ့ရဲ့ကြင်သူဇနီးဆိုတဲ့ နေရာကို အပ်နှင်းခံလိုက်ရပြီလေ။
"အိုးးးး မရောက်တာကြာလို့လား မသိဘူး... ဂျယ်ဂျူကျွန်းကြီးတောင် လှလာလိုက်တာ တအားပဲ"
ယွန်းဂီ ကိုယ့်အတွေးနဲ့ကိုယ် လွင့်မျောနေတုန်းမှာပဲ အွန်းဘီက သောင်ပြင်ဘက်ကို ပြေးထွက်သွားပြီ။ သူ့ကိုအထုတ်တွေနဲ့ ထားခဲ့မှတော့ ဘန်ဂလိုထဲ သူတစ်ယောက်ထဲ အိတ်တွေကို သယ်ရပြန်သည်။ နည်းနည်းပါးပါ ကူပေးမယ်မရှိ။
"ကိုကို... ပြီးရင် မြန်မြန်လာ၊ အွန်းဘီ ရေဆော့ချင်ပြီ""ကူကျ မကူဘဲနဲ့"
"ကိုကိုက ယောကျ်ားလေးဆိုတော့ အွန်းဘီက အားကိုးလို့ပါ... အွန်းဘီ စောင့်နေမယ်နော်"
ပြောချင်တာ ပြောပြီးတာနဲ့ လှစ်ခနဲ ပြန်ပြေးထွက်သွားပြန်သည်။ အစကတည်းက အကူအညီမရလောက်မှန်း သိသော်လည်း ဘာကြောင့်များ ဒီဟာမလေးထံမှ အလိုက်သိမှုကို သူမျှော်လင့်နေရတာလဲ။