(Unicode)
အွန်းဘီသွားတာ ဒီနေ့မှ ငါးရက်မြောက်...။ သူမ မရှိတော့မှ တစ်ရက်တစ်ရက်က ယွန်းဂီအတွက် တစ်ကမ္ဘာမက ကြာနေသည်။ မနေ့ကတော့ ဂျီမင်းကို အကြီးအကျယ်သွားဖီးလ်ပြီးပြီ ဖြစ်သောကြောင့် ဒီနေ့တော့ ထပ်မသွားရဲ။ယွန်းဂီ အွန်းဘီကို နည်းနည်းတော့ စိတ်ခုနေသည်။ မနေ့က သူ့မှာ တစ်နေကုန် ဖုန်းကို မျှော်နေခဲ့သော်လည်း သူမကတော့ ပင်ပန်းလို့ဟူသည့် အကြောင်းပြချက်ဖြင့် တစ်ခွန်း၊ နှစ်ခွန်းလောက်သာပြောပြီး ချလိုက်သည်လေ။ သူ လွမ်းသလို နည်းနည်းလေးတောင် လွမ်းရဲ့လားဟု အော်ပြီးမေးလိုက်ချင်သော်လည်း သူမကတော့ သိနိုင်မည်မဟုတ်...။
ဘာရယ်မဟုတ် သီချင်းတစ်ပုဒ်၊ နှစ်ပုဒ်တော့ ထွက်ကောင်းပါရဲ့ဟူသည့် စိတ်ဖြင့် အော်ဂင်ရှေ့ထိုင်လိုက်သော်လည်း အတွေးတို့သာ များပြီး လက်တွေ့ကျ အလုပ်မဖြစ်။ သစ္စာဖောက်သည့်လက်တို့ကလည်း ဖုန်းဆီသို့သာ လှမ်းနေမိသည်။ မထင်မှတ်ဘဲ ဝင်လာတဲ့ ဖုန်းလေး...။
"ကိုကို... အခုအွန်းဘီ ဘယ်မှာလဲသိလား""အွန်းဘီပြောမှ ကိုယ်က သိမှာပေါ့လို့"
"အနောက်ကို ကြည့်လေ ကိုကိုရဲ့"
"ကိုယ်က အွန်းဘီမျက်နှာလေးကိုပဲ ကြည့်ချင်တာ"
"အခု အွန်းဘီက Disney Landရောက်နေတာ... ကိုကို့ကို သတိရတာနဲ့ ဖုန်းခေါ်လိုက်တာ"
"သတိရတယ်သာ ပြောတယ်... မနေ့ကတော့ ဖုန်းကို ချသွားပြီးတော့"
"အံမယ်... ကိုကိုက စိတ်ကောက်တယ်ပေါ့? အွန်းဘီ ပြန်လာမှ ကိုကို့ကို တစ်ဝကြီးပြန်ချော့မယ်နော်၊ ခုတော့ သွားဆော့လိုက်ဦးမယ်။ အရမ်းချစ်တယ်နော်... အာဘွား"
ပြောပြောဆိုဆိုနှင့် ဖုန်းချသွားသည့် အွန်းဘီကြောင့် ယွန်းဂီ ပြုံးရုံသာ ပြုံးမိလိုက်တော့သည်။ ခုနက စိတ်ခုနေတာမှန်သမျှ သူ့မျက်နှာလေးမြင်လိုက်ရုံနှင့် အကုန်ပျောက်။ သူမတော့ တော်တော်ပျော်နေရှာပဲဟုသာ ယွန်းဂီ တွေးမိသည်။သိပ်မကြာ SNSပေါ်တွင် အွန်းဘီ၏ ဓာတ်ပုံလေးများတန်းစီတက်လာလေသည်။ သူမ တကယ်တင်သည်က နှစ်ပုံ၊ သုံးပုံသာ။ သို့သော်လည်း သူ့ဆီပို့နေသော ပုံတို့က ပုံသုံးဆယ်တောင်မကလောက်ဟု ယွန်းဂီ ထင်မိသည်။ ကိုယ်နေဟန်ထားအမျိုးမျိုးဖြင့် ရိုက်ထားသော ဓာတ်ပုံများ... ပုံတိုင်းတွင် သူမသည် အတောက်ပဆုံး ပြုံးလို့နေသည်။ အွန်းဘီက သူ့ကို စိတ်ထဲရှိနေလို့သာ ဒီလိုပုံတွေ၊ ဘာတွေပို့တာပေါ့ဟု ကြည်နူးလာမိသည်။