(Unicode)
နေ့လည်အလုပ်နားသည့်အချိန် ကော်ဖီဖျော်စက်ရှိရာသို့ လာရသည်မှာလည်း ဝတ္တရားတစ်ခုလိုပင်။ အလုပ်နားချိန်ပြီးခါနီး လူရှင်းမှ ကော်ဖီအား တစ်ငုံချင်း အရသာခံသောက်ရသည်မှာ အကျင့်တစ်ခုလို ဖြစ်ခဲ့တာ ကြာပြီ။
"ကော်ဖီတွေတောင် သောက်တတ်သွားပြီနော်"
ရုတ်တရက် ကြားလိုက်ရသောအသံကြောင့် အနည်းငယ် လန့်သွားမိသော်လည်း သူမှန်း တန်းသိလိုက်ပါသည်။
"သြော်... မန်နေဂျာပဲ""ဂျုံးဂု... အဲ့လိုပဲ ခေါ်လို့ရပါတယ်"
"ကိုယ့်ထက်ရာထူးကြီးတဲ့သူကို အဲ့လို မခေါ်ချင်လို့ပါ။ နားတဲ့အချိန်တောင် ကုန်တော့မှာပဲ... ကျွန်မ ရုံးခန်းထဲသွားတော့မယ်"
သောက်လက်စ ကော်ဖီကို အမြန်သောက်လိုက်ရင်း ထိုနေရာမှ ထွက်ခွာရန် ကြိုးစားလိုက်တော့သည်။ စိတ်ကျဉ်းကျပ်မှုဒဏ်ကို မခံစားနိုင်။
"အွန်းဘီ... ကိုယ့်ကို အဲ့လောက်ထိ မရှောင်ပါနဲ့"
ရုတ်တရက် လက်ကို ဖမ်းဆွဲလိုက်ပြီး ပြောလိုက်သည့် စကားကြောင့် စိတ်ထဲတွင် မျက်ခနဲ။
"အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲထားသင့်တယ် ထင်တယ်""ဆောရီး... ကိုယ် သတိလက်လွတ်သွားတယ်"ဟုဆိုကာ ဆွဲထားသော လက်ကို ပြန်လွှတ်ပေးလိုက်သည်။
"အွန်းဘီ..."
လှည့်ထွက်ရန်အပြင် လှမ်းခေါ်လိုက်သူ့ရဲ့အသံကြောင့် ခြေလှမ်းတွေ တုံ့ခနဲရပ်သွားမိသည်။
"သူငယ်ချင်းတွေလို နေလို့တောင် မရတော့ဘူးလား""သူငယ်ချင်း?"
"အင်း. . ဖြစ်နိုင်ရင်ပေါ့"
"ဒါဆိုရင်တော့ မဖြစ်နိုင်ဘူးပဲ ပြောပါရစေ... ကျွန်မ ဘဝမှာ သူငယ်ချင်းဆိုတဲ့စကားကို ရှင့်ဆီက မကြားချင်ဆုံးပဲမို့လို့"
မိမိ စကားကြောင့် ဂျုံးဂု ငိုင်သွားသည်ကို တွေ့လိုက်ရသော်လည်း အမြန်ရုံးခန်းသို့ ထွက်လာမိလိုက်တော့သည်။ ကြာကြာဆက်နေမိရင် ပြောခဲ့တဲ့စကားတွေကို ကိုယ်ကိုယ်တိုင်ပဲ ရုတ်သိမ်းမိမယ်ဆိုတာကို ကြိုသိနေတာကိုး...။
===============
ဟိုတယ်တွင် အလုပ်နည်းနည်းပါးသည်နှင့် ပြောစရာတစ်ခုရနေကြသည်။ စစ်နေသည့် စာရင်းကို အာရုံစိုက်နေသည့်ကြားကပင် သူတို့ပြောသည့် အကြောင်းအရာများကို လီအွန်းဘီ နားမထောင်သော်လည်း ကြားနေရသည်ကတော့ မတတ်နိုင်။
"မနက်က ပြုံးပြသွားတာလေးက ချစ်စရာ..."