(Unicode)
ရောက်လာပြီလေ... အမျှော်လင့်ခဲ့ဆုံးနေ့လေး။ယွန်းဂီ ဖိတ်ထားသည့် ဧည့်သည်တွေကို လိုက်နှုတ်ဆက်နေသော်လည်း စိတ်ကတော့ အလှပြင်ခန်းထဲမှာ ရှိနေတဲ့ အွန်းဘီဆီမှာ။ ပုံမှန်မြင်နေကြ ဘာမှ မလိမ်းမခြယ်ထားဘဲတောင် သူ့မှာချစ်နေရတာ... ပြင်ဆင်ခြယ်သထားပြီးရင် ဘယ်လောက်တောင် လှနေမလဲ သူ သိချင်မိသည်။ ချစ်ရသူမိန်းကလေးကို သတို့သမီးဝတ်စုံလေးနဲ့ မြင်ချင်တာ ယောက်ျားလေးတိုင်းရဲ့ အိပ်မက်မလား...။
"ဂျောင်ဟိုဆော့... မင်းက သားနားနေပါ့လားကွ""အဟဲ ဒါ မီယောင်းရွေးပေးထားတာ"
"မီယောင်းရော မလာသေးဘူးလား"
"လာတယ်လေ... အခု အွန်းဘီဆီသွားနေတယ်"
"ငါလည်း သွားဦးမှပဲ... မတွေ့ရသေးဘူး"
"သွား သွား... နေရာချတာ ဘာညာ ငါလုပ်ထားလိုက်မယ်"
ဟိုဆော့နှင့် စိတ်ချလက်ချထားခဲ့လိုက်ပြီး ယွန်းဂီ အွန်းဘီဆီကို အပြေးလေးသွားလိုက်မိသည်။ သူ့မှာ တွေ့ချင်လှပြီ။အခန်းရှေ့ကို ရောက်သော်လည်း တန်းမဖွင့်နိုင်သေး။ သတို့သမီးကို တွေ့ရဖို့ သူရင်ခုန်နေတယ်လေ။ တံခါးလက်ကိုင်ဘုလေးကို ကိုင်ကာ ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ သူရွေးပေးထားသည့် ဂါဝန်အဖြူလေးကို အလှပဆုံးဝတ်ဆင်ကာ မှန်ရှေ့တွင် ထိုင်နေတဲ့ကောင်မလေး။ သေသပ်လှပစွာ ထုံးထားသည့်ဆံထုံးလေးနှင့်အတူ မိတ်ကပ်ခပ်ပါးပါးသာ လိမ်းထားသည့် မျက်နှာနုနုလေး...အရမ်းကို ကျက်သရေရှိလိုက်တာ။
"သြော်... ကိုကိုလာလေ""လှလိုက်တာ အွန်းဘီရယ်... ကိုယ်အသက်ရှူတောင် မှားတယ်သိလား"
"သိတာပေါ့လို့"
မျက်လုံးလေးတွေ မှိတ်သည်အထိ ရယ်မောကာ ပြောနေသည့် အမူအရာလေးများက သူမ ဘယ်လောက်ထိပျော်နေသည်ဆိုတာကို ဖော်ပြနေသည်လေ။ ယွန်းဂီလည်း အွန်းဘီကိုသာ တစိမ့်စိမ့်ကြည့်နေမိသည်... ကြည့်လေ လှလေပဲ ကလေးရယ်။
"အဟမ်း... ငါရှိသေးတယ်နော် မေ့နေကြပြီလား""အာ... မီယောင်း... နင်ရော ဟိုဆော့နဲ့ ဘယ်တော့လဲ"
"သူ့သာ သွားမေးကြည့်ပါတော့... ငါလည်း ပြောကို မပြောချင်တော့ပါဘူး"
မီယောင်းစကားကြောင့် ယွန်းဂီ ရယ်မိသော်လည်း အကြည့်တို့က အွန်းဘီဆီက မခွာနိုင်။ အွန်းဘီကတော့ သူစိုက်ကြည့်နေသည်ကို သိသောကြောင့် ခေါင်းလေးငုံ့ကာ ရှက်ပြုံးလေး ပြုံးနေသည်။
"အွန်းဘီ... ကိုယ် ခန်းမထဲကပဲ စောင့်နေတော့မယ်နော်"
ယွန်းဂီ သူမြတ်နိုးရတဲ့ သတို့သမီးလေးကို နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့လိုက်တော့သည်။ သူ့နှုတ်ခမ်းတို့က အခုထိ ပြုံးယောင်သမ်းနေဆဲ။ သူ့မျက်လုံးထဲမှာ အွန်းဘီရဲ့ပုံရိပ်လေးက အခုထိ မြင်ယောင်နေမိတုန်းကိုး။ ခန်းမဆီ ပြန်တဲ့လမ်းမှာ တစ်စုံတစ်ယောက်နဲ့ မတွေ့ခင်အထိ သူ့အပြုံးတွေက တည်ရှိနေခဲ့သည်။
"မင်ယွန်းဂီရှီ... မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်နော်... တကယ် စိတ်ရင်းနဲ့ ပြောတာပါ"