Ch. 004

3.8K 392 1
                                    

(Unicode)


"ဘာလို့လဲ... အခုမှ ဘာလို့ ရုတ်တရက်ကြီး မသွားနဲ့လဲ"

"မင်း ဆေးရုံက ဆင်းတာဖြင့် သုံးရက်ပဲ ရှိသေးတာ... နေထိုင်မကောင်း ပြန်ဖြစ်ရင် ဘယ်လိုလုပ်မလဲ"

"ရှင်က ကျွန်မကို ဘယ်တုန်းက စိတ်ပူတတ်သွားတာလဲ"

"မင်းကရော ဘာလို့ အဲ့လောက်ထိ ပြန်ခံပြောတတ်သွားတာလဲ"


ညကမူးပြီး ပြန်လာပြီး မနက်မိုးလင်းမှ ဘူဆန်သို့ မသွားရန် ပြောသဖြင့် ယွန်းဂီနှင့် ဟာယွန်း ကတောက်ကဆဖြစ်နေကြခြင်းပင်။ အကုန်ပြင်ဆင်ပြီးကာမှ မသွားနဲ့ဆိုတာကြီးကတော့ မင်ယွန်းဂီ လွန်သည်ဟု ဟာယွန်း ခံစားရသည်။ ဒီနေ့သွားမယ်ဆိုပြီးပြောတုန်းကကျ အင်းမလုပ် အဲမလုပ်နဲ့။


"အိမ်မှာပဲနေ... မင်းအခြေအနေကိုကြည့်ပေးဖို့ ဂျီမင်လာလိမ့်မယ် သူ့ ဂျူတီပြီးရင်"

"ဘယ်တုန်းကကော ဂျီမင်ကို ကြည့်ရသွားတာလဲ... အရင်တုန်းက အိမ်ထဲဝင်ခိုင်းဖို့ မပြောနဲ့ အိမ်ပေါက်ဝခဏ လာရပ်တာတောင် မျက်စောင်းတခဲခဲလုပ်နေပြီးတော့"

"မင်း ဘူဆန်မသွားရလို့ အပြန်အလှန်အနေနဲ့ မင်းသူငယ်ချင်းကို လက်ခံပေးတာပဲ ရှိတာ"

"ဒါဆိုလည်း ကျေးဇူးပဲ"

"အင်း... အဲ့ဒါဆို အလုပ်သွားပြီ...။ ကောင်းကောင်းနေခဲ့"


ထွက်သွားသော ယွန်းဂီရဲ့ ကျောပြင်ကို ကြည့်ရင်း ဟာယွန်း စိတ်ထဲတွင် ထူးဆန်းနေသည်။ အရင်က စကားပင် ဟဟမပြောကြသည့် နှစ်ယောက် အခုတလော ဘာမှမဟုတ်တာလေးတွေနှင့် ကလေးတွေလို ငြင်းခုန်နေရသည့် အကြိမ်ရေ စိပ်လာခြင်းကြောင့်ပင်။ မင်ယွန်းဂီဆိုတာ ကိုယ်သူ့ကို သဘောကျနေကြောင်း ရိပ်မိခဲ့တဲ့အချိန်ကစပြီး ရေခဲတုံးလို အေးစက်သွားခဲ့သည့် သူမလား...။

တစ်နည်းအားဖြင့်ပြောရရင် ယွန်းဂီအမြင်မှာ သူမက သူနဲ့ မင်ဟယ်ဂျူရဲ့ ချစ်ခြင်းကို ခွဲခဲ့သူဖြစ်နေခဲ့တာကိုး။ လျော့ရဲသည့်အပြုံးတို့က ဟာယွန်း၏ မျက်နှာပေါ်တွင် နေရာယူလျက်။ အတိတ်တို့က အတွေးထဲတွင် ရှပ်ပြေးနေသည်။

တကယ်တော့ မင်ယွန်းဂီနှင့် သူမတို့၏ ဇာတ်လမ်း အလွန်ပင် ရိုးရှင်းလှသည်။ ဆွန်းဟာယွန်းက မင်ယွန်းဂီတို့ companyရဲ့ ရှေ့နေ၊ သူတို့နှစ်ဦး၏ ဖခင်တွေက သူငယ်ချင်းအရင်းအခြာ၊ ဒီလိုနဲ့ လူကြီးတွေ စီစဉ်မှုဖြင့် လက်ထပ်ရဖို့ အကြောင်းဖန်လာခဲ့ခြင်းပင်။ သူမက အလုပ်အတူတူ လုပ်ရင်းနဲ့မှ ယွန်းဂီအပေါ် တိတ်တခိုးချစ်မိနေသူ၊ ယွန်းဂီက ရည်ရွယ်သူရှိနေ၊ ဖြစ်ချင်တော့ လက်ထပ်ပွဲ မတိုင်ခင် နှစ်ရက်အလိုတွင် သူမအိမ်သို့ ဟာယွန်းမရှိခိုက် ရောက်လာသည့် မင်ယွန်းဂီက ဒိုင်ယာရီစာအုပ်ကို ဖတ်မိပြီး သူမရဲ့ သိုဝှက်ထားသည့် ခံစားချက်တွေကို သိသွားခဲ့သည်။


"မမလေး... ဆရာဝန်ရောက်ပြီနော်"


အတွေးတို့ ဆုံးခန်းမတိုင်ခင်မှာပဲ ယွန်းဂီနှင့် ဆွေမျိုးနီးစပ်တော်သူ မင်ဂျီဆိုး၏ စကားသံကြောင့် အတွေးစတို့ ရပ်တန့်သွားခဲ့သည်။ ဂျီဆိုးက ဝှီးချဲကို တွန်းပေးကာ အိမ်ရှေ့ဧည့်ခန်းသို့ ထွက်လာခဲ့လိုက်သည်။


"ကဲ ဘယ်လိုလဲ အခြေအနေမှ ကောင်းရဲ့လား... မူးတာမောတာတွေ ဖြစ်သေးလား"

Only Then  ✔Where stories live. Discover now