(Unicode)
ရုံးလာရသည်ဟူ၍သာ ရှိသည်။ ဘာအလုပ်မှ မယ်မယ်ရရမလုပ်ရဘဲ ယွန်းဂီ ရုံးခန်းထဲမှာသာ ဟာယွန်း အချိန်ကုန်နေရသည်မှာ သုံးရက်ရှိခဲ့လေပြီ။ အိမ်မှာ ပျင်းလွန်းလို့ ရုံးတက်ပါတယ်ဆိုမှ ဒီမှာပါ လူပိုကြီးလို ဖြစ်နေသည်။ မင်ယွန်းဂီကလည်း အလုပ်ပုံထဲ ခေါင်းနှစ်ကာ လူကို အဖတ်တောင် မလုပ်တော့။
"Ummm... ယွန်းဂီ... ဒီအော်ဂင်က ဘာလို့ ချောင်ထိုးထားတာလဲ"
ဝှီးချဲပေါ် ထိုင်နေရင်းပင် သူ့ရုံးခန်းတစ်ခုလုံးကို ဟိုမွှေ ဒီမွှေလုပ်ရာမှ စာအုပ်စင် အနောက်ဘက်ထဲတွင် အော်ဂင်ဟောင်းတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ခြင်း။
"ငယ်ငယ်က တီးခဲ့တဲ့ အော်ဂင်လေးပါ... ပစ်ရမှာကျ နှမျောလို့""ရှင်က အော်ဂင်တီးတတ်တယ်လား"
မယုံသင်္ကာဖြင့် မေးလာသည့် ဟာယွန်း၏ မေးခွန်းကို ယွန်းဂီ ပြန်မဖြေမိ။ စပ်စပ်စုစု တွေ့လည်းတွေ့တတ်သည်ဟုသာ တွေးမိတော့သည်။ ဟာယွန်းလည်း ဝှီးချဲပေါ်ထိုင်နေရလို့သာပါပဲ... သူ့ရုံးခန်းကို မွှေနှောက်နေတာ တစ်ခုပြီး တစ်ခု။
"ဘာတွေ လိုက်ကြည့်နေပြန်ပြီလဲ""သြော်... ကျွန်မက ရှင့် ရုံးခန်းထဲကို ခုမှ သေချာရောက်ဖူးလို့ဟာ။ ဟိုတစ်ယောက်လို သူများရုံးခန်းတွေ လစ်ရင်လစ်သလို မဝင်တတ်တော့ ခုမှ သေချာလိုက်ကြည့်နေရတယ်"
ဟာယွန်း သူ့ဘာသာသူ စပ်စုချင်တာတောင် ယွန်းဂီကို မထိတထိက ပြောသွားသေးသည်။ ဟာယွန်း တကယ် ဘာမှကို ဂရုမစိုက်တော့တာပဲဟု ယွန်းဂီ တွေးမိသည်။ အဲ့လို ပြောင်းလဲသွားခြင်းကို ဝမ်းသာမိသော်လည်း တစ်ခုခု မူမမှန်ဘူးဟုလည်း ယွန်းဂီ ခံစားနေရသည်။ သူမကိုကြည့်ရတာ နောက်ဆုံးအချိန်ကို စောင့်ဆိုင်းနေရတဲ့လူနာတစ်ယောက်က ဘဝကို စိတ်ချမ်းသာသလို ကုန်ဆုံးနေတဲ့ပုံမျိုးကြီးကိုး...။
"သူဌေးလေး.. ဥက္ကဌမင်ဂျယ်ဆော့ ပြန်ရောက်လာပါတယ်""ဘာ... အခုလား"
ရုံးခန်းထဲ ဗြုန်းစားကြီးဝင်လာကာ သတင်းပေးသည့် အတွင်းရေးမှူးလီကြောင့် ယွန်းဂီ ခေါင်းနပန်းတွေပင် ကြီးသွားသည်။ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ကြိုမြင်နေသည်။ အတွင်းရေးမှူးလီပင် ရုံးခန်းထဲမှ ပြန်မထွက်ရသေး... ယွန်းဂီ၏ဖခင်ဖြစ်သူ မင်ဂျယ်ဆော့ကပါ အခန်းထဲ ဝင်လာလေသည်။
"အသုံးမကျတဲ့ ကောင်"
... ခွပ်...
ဖြစ်ရပ်တွေက ဝရုန်းသုန်းကားနိုင်ကာ မြန်ဆန်လွန်းလှသည်။ ဟာယွန်းလည်း ကိုယ်တိုင်ကိုက ဝှီးချဲပေါ်တွင် ထိုင်နေရကာ စိတ်သွားတိုင်း မလှုပ်ရှားနိုင်သဖြင့် ဝင်မဆွဲအား။ ဖခင်ထံမှ နှစ်ချက်ဆင့်ထိုးတာခံရပြီးနောက် အခြေအနေက အတန်ငယ် ငြိမ်သက်သွားသည်။
"အတွင်းရေးမှူးလီ... ဒီကောင့်ကို အပြင် ခေါ်ထုတ်သွားလိုက်"
ယွန်းဂီက ဟာယွန်း ဝှီးချဲကို တွန်းကာ နှစ်ယောက်လုံးအပြင်ထွက်ရန်ပြင်သည်။
"မင်းကိုပဲ သွားခိုင်းတာ... ဟာယွန်း မပါဘူး"
ဟာယွန်းမှာ သူမ နားမလည်နိုင်သော အခြေအနေတို့အား မီးစင်ကြည့်ကသည့် သဘောဖြင့် ပါးစပ်ပိတ်ကာ ကြောင်တောင်တောင်လေးသာ ကြည့်နေရသည်။ မျက်နှာထားတင်းလွန်းသော ယွန်းဂီ၏ ဖခင်ကို ကြည့်ရင်း အလိုလိုပင် လန့်လာမိသည်။ ထိုစဉ် ယွန်းဂီအား အတွင်းရေးမှူးလီက ခေါ်ထုတ်သွားသဖြင့် ဟာယွန်းမှာ ပိုပြီး အားကိုးရာမဲ့သွားသလိုပင်။
"ဦးလေးတော့ သမီးအဖေကို ဘယ်လိုမျက်နှာပြရမလဲ သမီးရယ်..."
မထင်မှတ်ထားစွာ ဥက္ကဌမင်ဂျယ်ဆော့ထံမှ ခုနကနှင့် မတူညီဘဲ ပျော့ပြောင်းသည့် မျက်နှာထား၊ နူးညံ့သည့် စကားတို့ကြောင့် ဟာယွန်း အံ့သြသွားမိသည်။ သူ့မျက်နှာတွင် စိတ်မကောင်းဖြစ်နေသည့်ဟန်တို့ ပြည့်နှက်လျက်။
"ကိုရီးယားကို ပြန်ရောက်ရောက်ချင်း သမီး accidentဖြစ်တယ်ဆိုတာကို သိရတာနဲ့ ချက်ချင်း companyကို လိုက်လာတာ... သမီးကို ဒီလို မြင်ရတာ ဦးလေး တကယ် စိတ်မကောင်းဖြစ်မိတယ်...။ အဲ့ဒီ ယွန်းဂီဆိုတဲ့ကောင် ဒီလောက် အရေးကြီးတဲ့ကိစ္စကို အကြောင်းတောင် လှမ်းမကြားဘူး"
