(Unicode)
အသွားတုန်းကနဲ့မတူ သွက်လက်ချက်ချာနေသည့် ဟာယွန်းအပြုအမူတွေကြောင့် ယွန်းဂီ တော်တော်စိတ်သက်သာရသည်။ အသွားတုန်းက ထိုင်ခုံကို ကျောမှီကာ သက်ပြင်းတွေ အကြိမ်ကြိမ်ချရင်း လိုက်ပါလာသလောက် အခု အပြန်ကျ ကားပြတင်းပေါက်မှန်ကိုပင်ချကာ ဘောင်ပေါ်မေးတင်ပြီး လေလေးတဖြူးဖြူးနှင့် ကားစီးနေသည်။ ယွန်းဂီ ကားကို မောင်းနေရင်းပင် အကြည့်တို့က သူမဆီသို့ ရောက်ရောက်သွားသဖြင့် ဂရုစိုက်နေရသည်။
"ဟိုရှေ့က ပန်းဆိုင်မှာ ခဏရပ်ပေးပါလား""ပန်း...? လိုချင်လို့လား"
"အင်း... ဘာရယ်မဟုတ်ဘူး။ ဒီအတိုင်း ခဏဝင်ကြည့်ချင်စိတ်ပေါက်လာလို့... ရှင် အချိန်ရတယ်မလား"
သူမဘက်က စကားပြန်ပြောလာသည့်အခွင့်အရေးကို လက်လွတ်ခံမည်ဆိုလျှင် ယွန်းဂီ မိုက်မဲလွန်းရာကျမည်လေ။ ကားကို ဖြည်းညင်းစွာ အရှိန်သတ်လိုက်ရင်း ဟာယွန်း ညွှန်ပြသည့် ပန်းဆိုင်နားတွင် သူရပ်လိုက်သည်။ တစ်ချိန်လုံး သူ့ရှေ့ရောက်ရင် သုန်မှုန်နေတဲ့ မျက်နှာလေးက အခုကျ လန်းလို့၊ ရွှင်လို့။ ဟာယွန်း ပန်းကြိုက်တတ်မှန်း ယွန်းဂီ လုံးဝမသိခဲ့တာလေးတစ်ခုကတော့ ရင်နာစရာ။
"ဟာယွန်းက ပန်းကြိုက်တယ်လား""အရမ်းအကြိုက်ကြီးလည်း မဟုတ်ပါဘူး... ဒါပေမယ့် ဒီဆိုင်ကတော့ အဝေးကကြည့်တာတောင် အရမ်းလှလို့"
ဟာယွန်း ပြောလည်းပြောချင်စရာ ဆိုင်အပြင်တွင် အလှဆင်ထားသော ပန်းတို့မှာ ယွန်းဂီပင် သဘောကျမိသည်။ ဆိုင်တံခါးဝနားအရောက် ဟာယွန်း တံခါးဖွင့်ရန် ခက်ခဲနေသဖြင့် ယွန်းဂီပင် တွန်းဖွင့်ပေးလိုက်သည်။ သူမကတော့ ဝှီးချဲကို လှိမ့်ကာ ဆိုင်ထဲသို့ ဝင်သွားလျက်။ ဆိုင်ထဲတွင်လည်း ပန်းစည်းမျိုးစုံနှင့်အတူ ပုံစံအမျိုးမျိုးဖြင့် ခင်းကျင်းထားသော ပန်းများမှာ မျက်စိပသာဒဖြစ်လှသည်။
"ဟို အဖြူရောင်ပန်းစည်းလေး ပေးပါ... ပြီးတော့ ဟိုပန်းနဲ့လုပ်ထားတဲ့ဟာလေးရောပဲ"
စကားသံတွေအရ ဝယ်နေတဲ့သူက ဆွန်းဟာယွန်းလို့ ထင်နေရင် မှားသွားမှာပေါ့...။ မင်ယွန်းဂီ ဘဝမှာ ပထမဆုံးအနေဖြင့် ဟာယွန်းအတွက် လက်ဆောင်ဝယ်ပေးခြင်း။ ကျသင့်ငွေကို ရှင်းပြီးသည်နှင့် ဟာယွန်းရှိသည့်အနားကို သူသွားလိုက်သည်။ သူမလက်ပေါ်သို့ ဝယ်လာသည့် ပန်းစည်းကို ထည့်ပေးလိုက်ကာ နောက်ဝယ်လာသည့် ပန်းရိုးတံတို့ဖြင့် ကျစ်ထားသည့်အရာလေးအား သူမခေါင်းထက်တွင် တင်ပေးလိုက်သည်။
"Flower crownက ဘာတုန်း... ကလေးကလားနဲ့"