(Unicode)
ဂျီမင်၏ ဖေးကူမှုဖြင့် ကြိုးစားပြီး လျှောက်လှမ်းကြည့်ရာ အရင်ကထက်တော့ တိုးတက်မှုတွေရှိလာသည်ကို သိသိသာသာတွေ့လိုက်ရသည်။ ဂျီမင်၏မျက်နှာတွင်လည်း သူမနှင့်ထပ်တူ ပျော်ရွှင်မှုများဖြင့်။ နောက်သုံး၊ လေးလလောက်နေလျှင် သူမ မူလအခြေအနေနီးပါး ပြန်ကောင်းနိုင်စွမ်းရှိသည်ဟူသည့် ဆရာဝန်၏ ခန့်မှန်းချက်တို့ကြောင့်လည်း အားတက်နေမိသည်မှာအမှန်။
"ခဏလောက် နားလိုက်ပါဦး"
ဟာယွန်း ပင်ပန်းနေမည်ကို စိုးရိမ်သောကြောင့် ဂျီမင် သေသေချာချာပင် တွဲခေါ်ကာ အနားရှိခုံတန်းလေးပေါ်တွင် ထိုင်စေလိုက်သည်။ ပြီးတာနဲ့ အလိုက်သိစွာ သူမသောက်ဖို့ ရေတစ်ခွက် ခပ်ပေးမိသည်။
"ငါ တောင်းပန်ပါတယ် ဂျီမင်ရာ...""ရုတ်တရက်ကြီး... ဘာလို့လဲ"
"ငါ့ကြောင့်... နင် အလုပ်တွေ ပိုရှုပ်နေတယ်လေ"
"အဲ့လိုလည်း မဟုတ်ပါဘူး... နင်သာ အတွေးအရမ်းလွန်နေတာ"
ဟာယွန်းခေါင်းလေးကို ခပ်ဖွဖွပုတ်လိုက်ရင်း သူပြောမိလိုက်သည်။ ရေသောက်ရင်းပင် သက်ပြင်းတွေအကြိမ်ကြိမ်ချကာ မျက်နှာသိပ်မကောင်းသော ဟာယွန်းကြောင့် ဂျီမင် စိတ်ပူသွားသည်။
"ငါ တဖြည်းဖြည်းနဲ့ ပြန်ကောင်းလာပြီဆိုတော့... ပြတ်ပြတ်သားသားရွေးချယ်ဖို့လည်း နီးလာပြီဆိုတဲ့ သဘောပေါ့နော်""အင်း... အဲ့လိုတွေးချင်လည်း ရပါတယ်"
"ငါမစဉ်းစားချင်ဘူး တကယ်ဆို... ဒါပေမယ့် မစဉ်းစားလို့ကလည်း မရတော့ဘူး"
ဂျီမင် ဘာမှပြန်မပြောသော်လည်း သူမ မျက်နှာလေးကိုသာ အကြောင်းမဲ့ငေးကြည့်နေမိသည်။ ဟာယွန်း အတွေးထဲတွင် ဘာတွေရှိနေမလဲ၊ ဘယ်သူကိုများရွေးချယ်ထားလဲဆိုသည်ကို သူသိချင်လှသည်။ သူမ စိတ်ကူးတွေကို စာအုပ်တစ်အုပ်ကဲ့သို့ ဖတ်ကြည့်ခွင့်သာရှိရင် ဘယ်လောက်ကောင်းမလဲဟု တွေးမိသည့်အထိပင်။
"ငါ့မှာ ဆုံးဖြတ်ချက်က တစ်ကြိမ်ပဲ ချခွင့်ရှိတာ... ပြီးတော့"
ဟာယွန်း ပြောလက်စ စကားကို ရပ်လိုက်မိပြန်သည်။ သူမတစ်ယောက်တည်းလည်း အတွေးတိုက်ပွဲပေါင်းများစွာနှင့် ရင်မောနေသည်။ ပြတ်သားတဲ့ ရွေးချယ်မှု...? သူမကိုယ်တိုင်လည်း လမ်းပျောက်နေသည့်နှလုံးသားအတွက် မည်သည့်ညွှန်ကြားချက်မျိုး ပေးရမည်ကို ဝေခွဲမရ။