(Unicode)
မျက်စိတဆုံး မြင်မြင်သမျှ အဖြူရောင်တွေနဲ့သာ ပြည့်နေသည်။ လှုပ်ရှားရန် ကြိုးစားလိုက်တိုင်း တစ်ချက်ဆိုလျှင် တစ်ချက် သိသိသာသာ နာကျင်မှုကို ခန္ဓာကိုယ်အနှံ့အပြားမှ ခံစားနေရသည်။ဘယ်နှရက်ကြာကြာ မေ့မြောနေခဲ့မှန်းမသိသော်လည်း မျက်နှာပေါ်ရှိ အောက်ဆီဂျင်ပေးသည့် ကိရိယာနှင့် မိမိကိုယ်တွင် ထိုးသွင်းထားသော ဆေးထိုးအပ်များကို ကြည့်ရှုခြင်းဖြင့် ဆေးရုံတွင် ရှိနေမှန်း သိလိုက်ရပါသည်။
နောက်ဆုံးမှတ်မိခဲ့တာဆိုလို့...
အမည်းရောင်ဝတ်ထားသည့်လူ ခေါ်ဆိုပေးခဲ့သော အရေးပေါ်နံပါတ်မှတစ်ဆင့် ကားမတော်တဆဖြစ်သည့် နေရာကို ပြောပြကာ လူနာတင်ယာဉ်ကို စောင့်စားနေစဉ်ပင် သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။
"လူနာ သတိရလာပြီ..."
ဘယ်တုန်းထဲက ရောက်နေမှန်းမသိသော နာ့စ်မ၏ အသံကိုကြားလိုက်ရပြီးနောက် ဂျူတီကုတ်ကို ဝတ်ဆင်ထားသော ရင်းနှီးပြီးသား သူတစ်ယောက် အနားကို ချက်ချင်းရောက်လာသည်ကို သတိထားမိလိုက်သည်။
"ကိုယ့်ကို မှတ်မိလား..."
အသက်ကို ခပ်လွှလွှရှူသွင်းကာ ခေါင်းကို နှစ်ချက်တိတိ ဖြည်းညင်းစွာ ညိမ့်ပြလိုက်သည်။ နှုတ်ခမ်းမှ လှုပ်ရှားမှုကို သတိပြုမိပုံရပြီး အောက်ဆီဂျင်ပေးသည့် ကိရိယာကို ခဏမေးစေ့နားသို့ ဂရုတစိုက် ဆွဲချပေးလိုက်ကာ စကားသံကို ကြားရရန် အနားနားသို့ တိုးကပ်လာသည်။
"... ဂျီ...... မင်..."
အတန်ပင် အားယူ၍ပြောလိုက်ရသည့် တိုးလျသော စကားသံအဆုံးတွင် သူ့ထံမှ စိတ်သက်သာရာရသည့် အပြုံးတို့ကို တွေ့လိုက်သည်။
"နင့််နာမည်ရော... မှတ်မိသေးလား"" ဆွန်း... ဟာယွန်း"
"အင်း... တော်တယ်...။ နင့်ကို ဒီမှာ မေးစရာလေးရှိလို့ဆိုပြီး စောင့်နေတဲ့သူတွေ ရှိတယ်... နင်ဖြေလို့ဖြစ်လား"
ခေါင်းကို အသာအယာညိမ့်ပြလိုက်ပြီးနောက် ဂျီမင်က တာဝန်အရရောက်လာသော ရဲအရာရှိ နှစ်ယောက်နှင့်အတူ အခန်းထဲ ပြန်ဝင်လာသည်။
"ဆွန်းဟာယွန်းကို မကျေနပ်တဲ့သူ၊ ရန်ငြိုးရန်စရှိတယ်လို့ ယူဆရတဲ့သူတွေများ ရှိလားလို့ လာမေးတာပါ"
သူတို့မေးလာသည့် မေးခွန်းကို မျက်လုံးအဝိုင်းသားဖြင့် နားထောင်နေမိသည်။ ခေါင်းထဲတွင် စဉ်းစားကြည့်သော်လည်း အဖြေထွက်မလာခဲ့။ သတိရခါစ ဖြစ်သောကြောင့် နည်းနည်းစဉ်းစားလိုက်သည်နှင့် ခေါင်းထဲမှ တစ်ဆစ်ဆစ်ကိုက်လာသည်ကြောင့် အဖြေမရသည့်အဆုံး ခေါင်းသာ ခါပြလိုက်သည်။
"တိုက်ပြီး မောင်းပြေးသွားတဲ့ ကုန်တင်ကားကို cctvကနေ စစ်ကြည့်လိုက်တော့ နံပါတ်အတုနဲ့ ဖြစ်နေတယ်...။ ကျွန်တော်တို့ ယူဆရတာကတော့ ကြိုတင်ကြံစည်ထားတဲ့ ယာဉ်တိုက်မှုများလားလို့..."