(Unicode)
"ငါ နင့်ကို ဟိုးအရင်ထဲက ချစ်ခဲ့တာ"
ပတ်ဂျီမင်၏ ရုတ်တရက် ဝန်ခံချက်ကြောင့် ဟာယွန်း မျက်လုံးလေးပြူးသွားသည်။ ထို့နောက် ခွင့်ပြုချက်မရှိပါဘဲနဲ့ ထိကပ်လာသည့် နှုတ်ခမ်းတစ်စုံ။ နူးညံ့တဲ့ထိတွေ့မှုတို့ကြောင့် ဟာယွန်း ရင်တွေတလှပ်လှပ်ခုန်နေခဲ့သည်။ ဒါပေမယ့် တစ်ခုခုလွဲမှားနေသလိုလည်း သူမ ခံစားနေရသည်လေ။ ဂျီမင် ရင်ဘတ်ကို တွန်းထုတ်လိုက်မိသည်။
"ဂျီမင် ဒါတော့ မဟုတ်သေးဘူးလေ""ငါ စောင့်ခဲ့ရတဲ့အချိန်တွေ..."
"သိတယ်... နင်စောင့်ရတာတွေ၊ ဘာတွေ ငါ နားလည်တယ်။ ငါ့ကို ဒီလိုကြီး ကောက်နမ်းတာကို မဟုတ်သေးဘူးလို့ ပြောနေတာ!"
ဟာယွန်း လေသံမာသွားသည်ကို ကိုယ့်ဘာကိုယ် သိလိုက်သည်။ ဂျီမင် မျက်နှာ ကွက်ခနဲပျက်သွားလျက်။ နောက်ဆုံး သူငယ်ချင်းသံယောဇဉ်လေးကိုပါ ဖျက်ဆီးလိုက်မိပြီဟု ဂျီမင် ကိုယ့်ကိုယ်ကို အပြစ်တင်မဆုံးတော့။
"နင်ရော၊ မင်ယွန်းဂီရော တူတူပဲ နှစ်ယောက်လုံး... ငါ လမ်းမလျှောက်နိုင်တာကို အခွင့်အရေးယူကြတယ်""အဲ့လို မဟုတ်-"
"ငါ ဒီအချိန်မှာ ဘယ်သူကိုမှ ချစ်လို့မရသေးဘူး... ငါ့မှာတောင် ချို့တဲ့မှုဖြစ်နေလို့ဆိုပြီး ငါ့ကိုယ်ငါတောင် မနည်းချစ်ဖို့ ကြိုးစားနေရတာ...။ အခြားသူကို ငါ့ဘဝထဲ ဝင်ခွင့်ပေးမယ်လို့ ထင်နေတာလား။ ငါ... ငါ ဒီတစ်ခါတော့ တကယ်ဒေါသထွက်တယ် ဂျီမင်ရာ"
"ငါ တောင်းပန်ပါတယ် ဟာယွန်း"
"ဒီကိစ္စ နင်နဲ့ငါနဲ့ကြားမှာ မဖြစ်ခဲ့ဘူးပဲ သဘောထားလိုက်...။ ကားမောင်းတော့... ပြန်မယ်"
အပြင်မှာလည်း မိုးရွာပြီး လေထန်နေသလောက် ကားထဲမှာလည်း ရာသီဥတုမကောင်း။ ဂျီမင် သူမ အမိန့်ကို နာခံသည့်သဘောဖြင့် ကားကို စက်နှိုးကား မောင်းထွက်လိုက်တော့သည်။ အနည်းဆုံးတော့ သူငယ်ချင်းသံယောဇဉ်ပြတ်ပြီဆိုပြီး ပါးအရိုက်မခံလာရတာပင် ကံကောင်းသည်ဟုသာ ဂျီမင်တွေးထားသည်။အနည်းဆုံးတော့ ဒီပွဲမှာ မင်ယွန်းဂီလည်း မနိုင်သလို၊ သူလည်း မရှုံးဘူး...။
===============
သူ့ထက်ပင် အိမ်ကို စောရောက်နေတဲ့ ဟာယွန်းကြောင့် ယွန်းဂီ အံသြသွားမိသည်။ ပတ်ဂျီမင်က အချိန်ဆွဲပြီး ပြန်လာမပို့မှာတောင် သူစိုးရိမ်နေခဲ့တာမလား။ ပါးစပ်ကို ခပ်တင်းတင်းစေ့ထားပြီး ပုံမှန်ထက် ပိုတည်နေတဲ့မျက်နှာထားကြောင့် ယွန်းဂီ သူမနှင့် ဂျီမင် တစ်ခုခုဖြစ်လာမှန်း ရိပ်စားမိလိုက်သည်။
"ဒီနေ့ ပျော်ခဲ့ရဲ့လား"