(Unicode)
ဘာကိုမှ နားမလည်နိုင်သည့်အခြေအနေကြောင့် ဟာယွန်း မျက်ရည်တွေ အလိုလိုစီးကျလာသည်။ မနက်ကတင် ရုံးသွားပြီဆိုပြီး နှုတ်ဆက်ကာ အကောင်းကြီးတွေ့ခဲ့ရသည့်လူတစ်ယောက်ကို အခုကျ သွေးထွက်သံယိုဒဏ်ရာများနှင့် တွေ့နေရသည်ကို လက်မခံနိုင်သေး။ ဂျီမင်ကတော့ ဆရာဝန်ပီသစွာ ရှေးဦးသူနာပြုနည်းများဖြင့် တတ်အားသ၍ ကူညီပေးနေသည်။ကားက ယာဉ်မောင်းဘက်ဆိုသော်လည်း အနောက်ခန်းဘက်ကို တိုက်မိသည်မှာ များသောကြောင့်သာ အသက်ကို ထိခိုက်သည်အထိမဖြစ်ဟု ပြောရခြင်းသာ။ သို့ပေမယ့် တိုက်မိသည့်အရှိန်ကြောင့် စတီယာရင်နှင့် ခေါင်းနှင့် ရိုက်မိကာ သတိကလည်မလာတော့။ ဒါတောင် ကျန်သည့် ထိခိုက်မှုများကို မသိရသေး။
"အဲ့ဒါကြောင့် ငါသူ့ကိုပြောတယ်... ကားကို မှန်မှန်စစ်ပါဆို... ခုတော့ လေအိတ်မပွင့်တော့...""အဆင်ပြေမှာပါ... ငါပြောတာကို ယုံ"
မိမိအရှေ့တွင်ပင် ခက်ခက်ခဲခဲကယ်ထုတ်နေရသည်ကို မြင်ရက်နှင့်ပင် အဆင်ပြေမည်ဟု မည်ကဲ့သို့ ယုံကြည်ရမည်နည်း။ မဖြစ်နိုင်မှန်းသိသော်လည်း ဂျီမင်အတွက် ဟာယွန်းကို နှစ်သိမ့်ပေးရန်မှာ ဤတစ်နည်းသာ ရှိတော့သည်။ ဟာယွန်း လူနာတင်ယာဉ်ပေါ်သို့ လိုက်သွားလိုက်ချင်သော်လည်း ကိုယ်တိုင်ကိုက ခပ်ယဲ့ယဲ့မို့ လိုက်သွားလည်း ဘာမှအကူအညီဖြစ်မည်မဟုတ်။
"ငါ လိုက်ပို့ပေးမယ်... တက်""ငါတို့ ကားကို သုံးလို့ဖြစ်လို့လား... ရဲကရော"
"ကားက နည်းနည်းလေးပဲ ပွန်းသွားတာ... အတွင်းရေးမှူးလီကလည်း ဒီကိုလာနေပြီဆိုတော့ ကျန်တဲ့ကိစ္စ သူရှင်းပေးထားလိမ့်မယ်... ငါတို့ ဆေးရုံကို လိုက်သွားအောင်"
သည်လိုနှင့် ထွက်လာခဲ့ရင်း ဟာယွန်း ဆေးရုံသို့ မရောက်မချင်း တလမ်းလုံး ရင်တမမဖြစ်နေသည်။ သူမ၏ ဝမ်းနည်းမှုမှာ ချစ်ခြင်း၊ မုန်းခြင်းဟူသော အရောင်အဆင်းမပါဘဲ ရင်းနှီးရသူတစ်ယောက်ကို ဆုံးရှုံးရမှာစိုးသည့်အတွက် စိတ်ထိခိုက်နေရခြင်းမှန်း ဂျီမင် နားလည်လိုက်သည်။ အနောက်မှလိုက်ရသည်ဖြစ်၍ လူနာတင်ယာဉ်ထက် မိနစ်အနည်းငယ်နောက်ကျကာ ဆေးရုံသို့ ရောက်သွားသည်။
"ဘာလဲ... ယွန်းဂီက အရေးပေါ်မှာ မရှိဘူးလား"