(Unicode)
ရေမိုးချိုးပြီး အလုပ်သွားရန် ဧည့်ခန်းသို့ ထွက်လာစဉ် တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် မင်ယွန်းဂီ အတော်ပင် ပြာယာခတ်သွားခဲ့သည်။ ဘီးတပ်ကုလားထိုင်၏အရှေ့ဘက် ကြမ်းပြင်တွင် ခွေခွေလေး လဲကျနေသည့် ဟာယွန်း။ သူမအနားသို့သာ အမြန်ဆုံးပြေးသွားကာ ပွေ့ထူလိုက်သည်။
"ဟာယွန်း... ဘယ်လိုဖြစ်တာလဲ""ခြေထောက်က နည်းနည်းလှုပ်လို့ ရလားဆိုပြီး ဘေးကခုံကို အားပြုပြီးရပ်ကြည့်တာ မရဘဲ ပြုတ်ကျတာ"
"ဂျီမင်... ဂျီမင်းကို ဖုန်းဆက်ရမယ်... မင်းရဲ့ အခြေအနေ ကြည့်ဖို့"
"ရတယ်...။ မလို-"
ဟာယွန်း စကားပင် ဆုံးအောင် ပြောခွင့်မရလိုက်။ ယွန်းဂီက ဟာယွန်းကို ပွေ့ချီကာ အိပ်ခန်းထဲရှိ ခုတင်ပေါ်သို့ သယ်သွားလိုက်သည်။ ပြီးတာနဲ့ ချက်ချင်း ဂျီမင်ဆီကို ဖုန်းဆက်တော့သည်။ အလုပ်ကိစ္စကလွဲပြီး ကျန်တာ ဘာမှခေါင်းထဲ မထည့်တတ်တဲ့သူက သူမအတွက် ပြာယာတွေ ခတ်နေတာကြည့်ပြီး သူမ သတိမထားလိုက်မိခင်မှာပဲ ဟာယွန်းရဲ့ နှုတ်ခမ်းထောင့်စွန်းလေးနှစ်ဖက် အလိုလိုကော့တက်သွားသည်။
"ဂျီမင်... သူ အခုချက်ချင်း ထွက်လာခဲ့မယ်တဲ့""အဲ့ဒါဆို ယွန်းဂီ ရုံးသွားချင်သွားတော့လေ...။ နောက်ကျနေပြီ"
"ဟင့်အင်း... မင်းရဲ့အခြေအနေကို သိရပြီးမှ သွားသင့် မသွားသင့် စဉ်းစားတော့မယ်"
ထပ်ပြီး မပြုံးမိအောင် ဟာယွန်း တော်တော်ပင် ထိန်းယူနေရသည်။ အရင်ထဲက ဒီလိုတွေ နည်းနည်းပါးပါး ဂရုစိုက်ပြခဲ့ရင် ဘာဖြစ်မှာမို့လို့လဲ မင်ယွန်းဂီရယ်...။ ပြတ်သားပါတော့မယ်ဆိုမှ လူကို မစွန့်လွှတ်နိုင်တော့အောင် တမင်လုပ်နေတာလား။
"ဒီလို တစ်ခုခုဖြစ်လာတော့လည်း မင်းအတွက် ကိုယ်ကိုယ်တိုင် ဂျီမင်ကိုတောင် ခေါ်ပေးနေရတယ်နော်"
ဂျီမင် ပြောခဲ့တဲ့ စကားတစ်ခွန်းဖြစ်သည့် ဟာယွန်းက ဘယ်သူကို ပိုလိုအပ်မလဲဆိုတာကို ပြန်ကြားယောင်မိရင်း ယွန်းဂီ အမှတ်တမဲ့ ရေရွတ်လိုက်မိခြင်းပင်။ တကယ်တမ်းကျ သူက အကူအညီမဖြစ်သလိုပင် ခံစားလိုက်ရသည်။
"ဒါကတော့ သူက ဆရာဝန်ကိုး"
သူ့စိတ်ထဲ ဘာတွေတွေးနေမှန်းမသိဘဲ ပြန်ပြောလာသည့် ဟာယွန်း၏ စကားသံကြောင့် နည်းနည်းရယ်ချင်သလိုလို ဖြစ်သွားမိသည်။ အင်းပေါ့... ဆရာဝန်ဆိုတာ နေမကောင်းဖြစ်တဲ့အချိန်မှာသာ လိုအပ်တာပါဟု ယွန်းဂီ ကိုယ့်ဘာသာကိုယ်သာ ဖြည့်တွေးဖြေသိမ့်လိုက်တော့သည်။
"Umm... ဟာယွန်း... ကိုယ် မင်းကို ရှင်းပြစရာရှိသေးတယ်"