Ch. 013

2.6K 277 12
                                        

(Unicode)


ခြေထောက်အခြေအနေကို စစ်ဆေးရန်အတွက် ဆေးရုံသို့ သွားရသော်လည်း ဂျီမင်ကို မတွေ့ချင်။ မတွေ့ချင်သည်တော့ မဟုတ်... သူမအပေါ် အရောင်ပြောင်းခဲ့ခြင်းတို့အပေါ် ဟာယွန်း မနေတတ်။ အကယ်၍ တစ်ချိန်ကလိုသာ လွတ်လပ်ပြီး စိတ်သွားတိုင်းကိုယ်ပါနိုင်တဲ့ မိန်းမသားတစ်ယောက်ဖြစ်နေသေးရင်တော့ ပတ်ဂျီမင်ရော၊ မင်ယွန်းဂီရောနှင့် ဝေးရာသို့ သူမ သွားကောင်း သွားမိနိုင်သည်။ ဒါမှမဟုတ်ရင်လည်း ယွန်းဂီရဲ့အချစ်ကိုပဲ ဆက်လက်ပြီး သနားစရာတောင့်တနေမည်လားတော့ မပြောတတ်။

သေချာတာကတော့ ဟာယွန်းသည် ပြတ်သားတတ်သည်မှာ မှန်သော်လည်း ဘယ်တုန်းကမှ စိတ်မာတတ်သည့် လူစားမျိုးတော့ မဟုတ်။ ယာဉ်တိုက်မှုသည် သူမ ဘဝအတွက် တစ်ဆစ်ချိုးသာမက လုံးလုံးလျားလျား ပြောင်းလဲစေခဲ့သည်။


"ဆေးစစ်ချက်ရော၊ ဓာတ်မှန်ရော အဖြေတွေ မနက်ဖြန်တော့ သိရမှာပါ"


နားထဲကြားလာရသည့် ဂျီမင်၏ စကားသံကြောင့် ဟာယွန်း ပြုံးသာပြလိုက်သည်။ သူမတို့ နှစ်ယောက်ကြားက သံယောဇဉ်ကိုအထိအခိုက်တော့ မဖြစ်ချင်သော်လည်း ဟာယွန်း မျက်နှာပူမိသည်။ မိမိသိထားတဲ့ ဂျီမင်ဆိုတာက အေးဆေးပြီး တည်ငြိမ်တဲ့လူသား... သူမကို လက်ရဲဇက်ရဲနဲ့ ဆွဲနမ်းတတ်ခဲ့သော လူစားမျိုးမဟုတ်ခဲ့။ သူမ ဂျီမင်အပေါ် အားကိုးတကြီး ရင်ဖွင့်တိုင်ပင်ခဲ့ခြင်းသည် သူ့အတွက် မျှော်လင့်ချက်တွေ လိုတာထက်ပိုပြီး အမြစ်တွယ်စေဖို့ မဟုတ်ခဲ့ရိုးအမှန်။

တစ်ဖက်က တွယ်တာခဲ့ဖူးသည့် သူ၊ တစ်ဖက်က ငယ်ငယ်ကတည်းက ခင်မင်ခဲ့သူ... နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးပါဆိုလျှင် ဟာယွန်း ဘယ်သူ့ဘက်ကို လိုက်ရမည် ဝေခွဲမရ။ တကယ်လို့ နှစ်ယောက်လုံးကို မစွန့်လွှတ်နိုင်ဘူးဆိုရင်ရော သူမ အတ္တကြီးလွန်းရာများ ကျသွားမလား...။


"ငါ့နည်းငါ့ဟန်နဲ့ ကြိုးစားပြီး လျှောက်ကြည့်ရင်ကော ရလောက်ပြီလား"

"လမ်းလျှောက်ရင် ထိန်းပေးတဲ့ဟာမျိုးတော့ လိုမယ်... ဈေးတော့ နည်းနည်း ကြီးမယ်ထင်တယ်"

"ရတယ် ဝယ်ဖို့လိုရင် ဝယ်မယ်... ငါ စုထားတာတွေ ရှိတယ်"


ဟာယွန်း သတိပြန်လည်လာပြီးကတည်းက ကိစ္စတစ်ခုခုပေါ်လာတိုင်း သူမဘဝကို အမြဲလိုလို ပုံမှန်အခြေအနေနှင့် လမ်းမလျှောက်နိုင်တော့သည့် နောက်ပိုင်းကို ချိန်ထိုးစဉ်းစားကြည့်မိသည်။ ဘာတွေ ဘယ်လောက်ထိ ပြောင်းလဲသွားခဲ့ပြီလဲ သူမ သိဖို့လိုအပ်သည်။ သူမကိုယ်တိုင်ရော၊ သူမဆက်ဆံနေရသည့် ပတ်ဝန်းကျင်မှာရောပေါ့..။ အခုလည်း အမြဲလိုလို တစ်ပြားနှစ်ပြား ခွာနေတတ်သည့်သူကနေ လိုအပ်လျှင် သုံးမည်ဟူသည့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြန်သည်။ ဟာယွန်း သက်ပြင်းတစ်ချက်ကို ခပ်ဆဆချလိုက်မိသည်။

Only Then  ✔Where stories live. Discover now