(Unicode)
ဟာယွန်းတစ်ယောက် စကားလည်း ဟုတ်တိပတ်တိမပြော၊ ခပ်တန်းတန်းဆက်ဆံနေမှန်း ယွန်းဂီ သတိထားမိသည်။ ဒါနဲ့ဆို နှစ်ရက်လောက်ရှိပြီ ထင်ရဲ့။ မင်ဂျယ်ဆော့ရှေ့ဆိုရင်တော့ ပုံမှန်အတိုင်းပဲဆိုပေမယ့် ယွန်းဂီကိုတော့ သိသိသာသာစိမ်းကားသွားတာအမှန်။ ဟိုနေ့ညက ကိစ္စကြောင့် စိတ်ဆိုးသွားတာများလား...။အခုလည်း သူ့ရုံးခန်းကိုတောင် ခေါ်လို့မရ။ အရင်အလုပ်လုပ်ဖော်လုပ်ဖက်တွေနဲ့ တွေ့ချင်တယ်ဟုဆိုကာ ဝှီးချဲတစ်စီးဖြင့် companyအား လျှောက်ပတ်နေပြန်သည်။
နာရီကို ကြည့်လိုက်တော့ နေ့လည်စာစားချိန်နားပင် ကပ်နေလေပြီ။ ဆေးတွေလည်း သောက်နေရတုန်းဆိုတော့ ထမင်းစားချိန်မှန်ဖို့လိုသည်ဟု တွေးမိကာ ယွန်းဂီ လုပ်လက်စအလုပ်ကို ရပ်ကာ ဟာယွန်းကို သွားခေါ်ရန် ပြင်လိုက်သည်။ အလုပ်စားပွဲမှပင် မထရသေးခင် ရုံးခန်းတံခါးပွင့်လာကာ ဟာယွန်း ဝင်လာလေသည်။
"ဒီနေ့ ဂျီမင် ဆေးခန်းသွားစရာမလိုဘူးဆိုလို့ သူနဲ့ အပြင်သွားမလို့""အခုလား... ဒါဆို နေ့လည်စာကကော?"
"သူနဲ့ အခုတစ်ခါထဲ ထွက်စားမှာလေ... သူ ကုမ္ပဏီအောက်တောင် ရောက်နေပြီ"
"ဟုတ်လား... ဒါဆို အပေါ်တက်လာခိုင်းလိုက်လေ"
ဘယ်လောက်ပဲ ငြိမ်းချမ်းရေးယူထားတယ်ပြောပြော ပြိုင်ဘက်က ပြိုင်ဘက်ပဲလေ။ ကိုယ်ချစ်ရတဲ့ကောင်မလေးကို သူများနဲ့ ဒီအတိုင်း အပြင်သွားဖို့ လွှတ်ပေးရလောက်အောင်တော့ ယွန်းဂီ မရက်ရောသေး။ငါးမိနစ်ပင် မစောင့်လိုက်ရ။ ဂျီမင် ရုံးခန်းထဲဝင်လာသည်။ အဖြူရောင်ရှပ်အင်္ကျီနဲ့ ဘောင်းဘီအနက်ကို ဝတ်ဆင်ထားသော ဂျီမင်မှာ အရမ်းပင် ကြည့်လို့ကောင်းနေသည်။ ရုံးခန်းထဲရှိ လူနှစ်ဦးမှာတော့ ဂျီမင်ကို မတူညီသည့် အတွေးနှစ်ခုဖြင့် ကြည့်နေသည်။ ယွန်းဂီက ဒီကောင် ဟာယွန်းနဲ့ တွေ့ရမယ်ဆိုပြီး ရှိုးထုတ်လာတယ်ဟူသည့်အတွေးဖြစ်ပြီး ဟာယွန်းကတော့ ဂျီမင်က ဒီလိုကျတော့လည်း တော်တော်ကြည့်ကောင်းတာပဲဟူသည့် အတွေး။
"ငါ ဒီနေ့ ဟာယွန်းနဲ့ အပြင်သွားမလို့"