(Unicode)
"နည်းနည်း ကူထိန်းပေးဦးလေ""ရပြီ ဒီထက်ပိုပြီး လာမထိနဲ့"
"ဘာလို့ အဝေးကြီးသွားနေတာလဲ... ပြုတ်ကျခါနီး လှမ်းဆွဲလို့ရအောင် နီးနီးနားနားနေပေးကြပါလား"
လမ်းလျှောက်ရင် ထိန်းပေးတဲ့ဟာနဲ့ စမ်းပြီး လျှောက်ကြည့်ရင်း ဟာယွန်း ပွက်လောရိုက်နေခြင်းပင်။ ယွန်းဂီရော၊ ဂျီမင်ပါ နေစရာမရှိ။ ယွန်းဂီလည်း ရုံးပိတ်ရက်၊ ဂျီမင်ပါ ဂျူတီအားသည့်နေ့တွင် စမ်းကြည့်နေခြင်းပင်။ သူမ ခြေထောက်တွင် ခံစားမှုတို့တော့ ရှိသော်လည်း ကြွက်သားတို့က အားမရှိသလို ဖြစ်နေသည်။ အရင်လို ပြန်ဖြစ်ရန် ဖြည်းဖြည်းချင်းလေ့ကျင့်ယူရမည်တဲ့လေ။အထက်တန်းကျောင်းတုန်းက သူငယ်ချင်းများများစားစား မထားမိတာပင် ဟာယွန်း နောင်တရမိသည်။ အခုတော့ ဒီနှစ်ယောက်ကိုပဲ အမြင်ကပ်ကပ်နဲ့ အကူအညီတောင်းနေရသည်မဟုတ်ပါလား။
ဟာယွန်း လမ်းလျှောက်ချင်တာလည်း မပြောနဲ့ ဝှီးချဲပေါ်ရောက်ပြီးမှ အနမ်းချည်းခံနေရတာ။ အရင်လိုသာဆိုရင်တော့ လာနမ်းလို့ လက်ကိုချုပ်ထားရင်တောင် အဓိက နေရာကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်လို့ရဦးမယ်။ အခုတော့ သူတို့ ပြုသမျ နုနေရသည်လေ။ ပြန်ကောင်းတာနဲ့ ကရာတေးဖြစ်ဖြစ်၊ တိုက်ကွမ်ဒိုဖြစ်ဖြစ် တက်ရင်ကောင်းမလားတောင် စဉ်းစားမိတဲ့အထိပဲ။
"ဟာယွန်း... ကိုယ်သွားစရာ ပေါ်လာလို့... ဂျီမင်နဲ့ နေခဲ့လို့ဖြစ်မလား""ဖြစ်ပါတယ်... သွားလေ"
ဟိုနေ့က မဆီမဆိုင် အတင်းနမ်းသွားပြီးကတည်းက ဟာယွန်း ယွန်းဂီကို စကားကောင်းကောင်း မပြောတော့တာ အခုထိပဲ။ ယွန်းဂီကတော့ သွားပြီ။ တစ်ယောက်သွားလို့ စိတ်အေးရမလားဆိုတော့လည်း ပတ်ဂျီမင်ကို အရင်လို စိတ်ချလက်ချမနေရဲပြန်။
"လျှောက်ချင်ဇောနဲ့ ဒါကိုပဲ အချိန်ပြည့်လုပ်မနေနဲ့ဦး... အခုမှ ကောင်းခါစကို ဒဏ်ဖြစ်ကုန်မှာစိုးလို့""ငါ သိပါတယ်"
ဟာယွန်း အသံမာသွားသောကြောင့် ဂျီမင် ဘာမှတော့ ဆက်မပြော။ သို့သော်လည်း သူမအနားတွင် ယောင်လည်လည်လာလုပ်နေကတည်းက ဂျီမင် ဘယ်လောက်ထိ စိတ်မချဖြစ်နေမှန်း သိလိုက်ပါသည်။ အဲ့ဒါကြောင့် ဟာယွန်းလည်း ဆက်ပြီး အရမ်းကြိုးစားမနေတော့ဘဲ ဝှီးချဲပေါ်သာ ပြန်ထိုင်နေလိုက်တော့သည်။
"ငါ နင့်ကို မေးချင်နေတာ... နင် ဒီလောက် အချိန်တွေအကြာကြီး မျိုသိပ်လာပြီးမှ ရုတ်တရက် ဘာပေါက်တာလဲ"
ဂျီမင်က သူမမေးခွန်းကို နားမလည်သလို ကြောင်တောင်တောင်နဲ့ ကြည့်နေပြန်သည်။ ဟာယွန်းလည်း အဲ့ဒီကိစ္စကို သိချင်လွန်းလို့သာ စကားစရတာ... နှစ်ခါပြန်တော့ မမေးချင်။ တစ်အောင့်လောက်ကြာမှ ဂျီမင်က သဘောပေါက်သွားတဲ့ပုံနဲ့ ပြန်ဖြေသည်။
"အမှန်တော့ ငါအစောကြီးကတည်းက ပြောမလို့ပါပဲ... ငါ ဖွင့်ပြောမယ်လုပ်တဲ့အချိန်မှာ နင်နဲ့သူနဲ့က စေ့စပ်တော့မယ်ဆိုလို့... ငါမပြောခဲ့ရတာ"