(Unicode)
ပြတင်းပေါက်ဘောင်ပေါ် မေးတင်ကာ အပြင်ဘက်ကို ငေးကြည့်နေမိသည်။ ပန်းခြံရှိ ကစားကွင်းတွင် အပူအပင် ကင်းမဲ့စွာ ဆော့ကစားနေကြသော ကလေးများကိုကြည့်ကာ ဆွန်းဟာယွန်း အားကျမဆုံး။ နံရံလေးဘက်ဖြင့် ကာရန်ထားသော အခန်းငယ်လေးထဲတွင် နေ့တိုင်းငြိမ်သက်စွာ နေနေရသည်မှာ ငြီးငွေ့ချင်စရာပင်။
"ဂျီမင်... ငါ ဘယ်တော့မှ ဆေးရုံက ဆင်းရမှာလဲ""သိပ်မကြာတော့ပါဘူး...။ နင်အခု တော်တော်ထူထူထောင်ထောင်တောင် ဖြစ်နေပြီကို"
"ငါ ဆေးရုံကို လျှောက်ပတ်ကြည့်လို့ မရဘူးလားဟင်..."
ဂျီမင်ကို အသနားခံသည့် မျက်ဝန်းများဖြင့် တောင်းဆိုမိသည်။ ဂျီမင်၏ မျက်နှာတွင် ဝေခွဲရခက်နေသည့်ဟန်ပေါ်နေသော်ကြောင့် မိမိကို ဆေးရုံတွင် စောင့်ရှောက်ပေးနေသည့် တစ်ဦးထဲသောသူကို စိတ်ဒုက္ခမပေးချင်တော့။
"နင် စိတ်မချဘူးဆိုလည်း ရပါတယ်...။ ငါက ဒီအတိုင်း... ဆေးရုံပေါ်မှာ တစ်လနီးပါးတောင် ရှိနေပြီဆိုတော့ ဒီအခန်းထဲမှာပဲ နေနေရတာ ပျင်းလာလို့""ငါနဲ့ တူတူပတ်ကြည့်ကြမယ်လေ..."
"နင်... နင် တကယ်ပြောတာလား"
အူယားဖားယား မေးမိသည့် စကားကပင် ဟာယွန်း မည်မျှအပျော်လွန်သွားသည်ကို သိသာစေသည်။ ဂျီမင် ခပ်ယဲ့ယဲ့အပြုံးကို ပြုံးကာ ဟာယွန်း ဆံပင်ကို ထိုးဖွလိုက်ရင်း
"ဒါဆို ခဏစောင့်... နင့်အတွက် အသုံးဝင်မယ့်ဟာ သွားယူလိုက်ဦးမယ်"
ဂျူတီကုတ်ကို ပုခုံးပေါ်တင်ကာ ဘောင်းဘီအိတ်ကပ်ထဲသို့ လက်တစ်ဖက်ထည့်၍ အပြင်သို့ တစ်လှမ်းချင်း ထွက်သွားသော ဂျီမင်ကို ကြည့်ရင်း ရင်ထဲတွင် ဆစ်ခနဲ ကျင်သွားမိသည်။ အမှန်ဆို ဒီလို ဂရုစိုက်မှုတွေ လုပ်ပေးတဲ့သူက ယွန်းဂီပဲ ဖြစ်သင့်တာမလား။
"ကဲ... ရပြီ"
တစ်ခဏအတွင်းပင် ပြန်ရောက်လာသော ဂျီမင်နှင့်အတူ သူယူလာသောအရာက ဟာယွန်း၏ ကျန်းမာရေးအခြေအနေကို တစ်စိတ်တစ်ဒေသ ဖော်ကျူးနေသည်။ ရင်ထဲတွင် အမျိးအမည်မသိသော ခံစားချက်တို့ ပေါင်းစုံသွားသည်။
"ငါ့ကို မြဲမြဲကိုင်ထား..."
ခုတင်ပေါ်မှ ဟာယွန်းအား ပွေ့ချီကာ ယူလာသည့် ဘီးတပ်ကုလားထိုင်လေးပေါ်သို့ ပြောင်းရွှေ့ပေးရန်ပင်။ နဂိုကမှ လူကောင်သေးသည့်အပြင် ဆေးအရှိန်တို့ကြောင့် ပို၍ပင် ပိန်ကျသွားခဲ့ရာ ဂျီမင်၏ သယ်ဆောင်ရာသို့ သူမ၏ ခန္ဓာကိုယ်လေးမှာ စွေ့ခနဲပါလာသည်။
"နေပါဦး... ဒါက ဘာဖြစ်နေကြတာလဲ"
တံခါးဝတွင် ရပ်ကာ စူးစူးဝါးဝါး စိုက်ကြည့်နေသည့် ယွန်းဂီ။ သူ့ အကြည့်တွေက ဂျီမင်ကို ပြာကျသွားတော့ မတတ်ပင်။ အေးဆေးသည့်ဂျီမင်က ယွန်းဂီ၏ စကားကို အလေးပင်မထားဘဲ ဟာယွန်းကို ဘီးတပ်ကုလားထိုင်ပေါ်သို့ အသာအယာချလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး...။ ဟာယွန်းက ဆေးရုံကို ပတ်ကြည့်ချင်တယ်ဆိုလို့ ငါက လိုက်ပြပေးဖို့လုပ်နေတာ"