(Unicode)
သိသာစွာ ပုတ်ခတ်နေသည့် မျက်တောင်လေးများနှင့်အတူ သူ့မျက်ဝန်းကျဉ်းကျဉ်းလေး...။ အခြေအနေကို ကိုယ်တိုင်လည်း မခန့်မှန်းနိုင်သည့်နည်းတူ ဟာယွန်း ချက်ချင်းပင် ဆရာဝန်ခေါ်သည့် ခလုတ်ကို နှိပ်လိုက်မိသည်။ ပြန်လည်လာသည့် သတိလေး ပျောက်မသွားခင် ယွန်းဂီလက်ကို အမိအရဆုတ်ကိုင်ကာ နှုတ်မှလည်း စကားပေါင်းများစွာ တဖွဖွပြောနေမိလျက်။
"ယွန်းဂီ... ငါ့ကို မြင်ရလား... ငါ ဆရာဝန်ခေါ်ထားတယ်... အခု လာနေကြပြီသိလား... ဘာပဲဖြစ်ဖြစ် သတိမလွတ်စေနဲ့နော်"
သူမ၏ စကားသံတို့ကို ယွန်းဂီ အမှန်တကယ်ပင် ကြားရဟန်တူသည်။ ဟာယွန်းကို တည့်တည့်ကြည့်ကာ မျက်လုံးကို ခပ်ဖြည်းဖြည်းမှိတ်ပြသည်။ ထို့အပြင် အတန်ငယ် လှုပ်လာသည့် လက်ချောင်းတို့၏ အထိအတွေ့အရ ဟာယွန်း ယွန်းဂီ၏လက်ကို ပိုမိုတင်းကျပ်စွာ ဆုတ်ကိုင်ပေးလိုက်မိသည်။
"ဖြစ်နိုင်ရင် မလှုပ်နဲ့... နင် အရမ်းလှုပ်ရှားလို့ မဖြစ်ဘူးလေ... အားလည်း မရှိသေးဘဲနဲ့"
ယွန်းဂီ၏ စိတ်လိုက်မာန်ပါအကျင့်ကို သိသောကြောင့် ဟာယွန်း ဂရုတစိုက်နှစ်သိမ့်ပေးမိသည်။ ယခင်လို ရှင်နဲ့ကျွန်မ ဟူသည့် သူစိမ်းဆန်သည့်အသုံးအနှုန်းများပင် မသုံးမိတော့။ ဆရာဝန်တို့ ရောက်လာသဖြင့် စစ်ဆေးလို့ရရန် ဟာယွန်း ဆုတ်ကိုင်ထားသော ယွန်းဂီ၏လက်ကို လွှတ်လိုက်ကာ ခပ်လှမ်းလှမ်းသို့ သွားလိုက်မိသည်။လူနာမှတ်တမ်းရေးသည့်သူက ရေးနှင့် အလုပ်ရှုပ်နေကြချိန်တွင် ဂျီမင်းရောက်လာသည်။ ဂျီမင်လည်း ရောက်သည်နှင့် ဟာယွန်းကို မျက်စပစ်ပြကာ ယွန်းဂီ၏အခြေအနေကို သိလိုသဖြင့် ဆရာဝန်နားတွင် မယောင်မလည်သွားရပ်ကာ နားစွင့်နေမိသည်။
"ဘာ... ဘာတဲ့လဲဟင်"
စစ်ဆေးမှုအပြီး ဆရာဝန်တို့ ထွက်သွားသည်နှင့် ဟာယွန်း ဂျီမင်အနားကပ်ကာ တိုးတိုးလေးမေးမိသည်။ ဂျီမင်၏ မျက်နှာရိပ်မျက်နှာကဲအရ အခြေအနေမှာ အရမ်းကြီး စိုးရိမ်ဖွယ်မဟုတ်လောက်ဟုတော့ ဟာယွန်း မျှော်လင့်ထားမိသည်။
"အခြေအနေကတော့ စောင့်ကြည့်အနေအထားမှာပဲ... ဒါပေမယ့် သတိရလာပြီဆိုထဲက တစ်ဆင့်တော့ သူကျော်ဖြတ်သွားနိုင်ပြီဆိုရမယ်...။ နောက်ပိုင်း အာရုံကြောတွေ ထိခိုက်တာရှိ မရှိ... အတိတ်မေ့တာတွေ ဖြစ်နိုင်၊ မဖြစ်နိုင်ကတော့ ထပ်စစ်ကြည့်ရဦးမှာပေါ့လေ... အခုကတော့ သတိရှိတယ်ဆိုရုံနဲ့တင် တော်တော်ဝမ်းသာဖို့ကောင်းနေပြီ"