(Unicode)
မှာထားသည့် ကော်ဖီပူပူကို တစ်ငုံချင်းအရသာခံသောက်ရင်း မင်ယွန်းဂီတစ်ယောက် ဂျီမင်အလာကို စောင့်လျက်ရှိသည်။ လက်တွင် ပတ်ထားသည့် နာရီကို ကြည့်လိုက်တော့ ၁၂နာရီမတ်တင်းသို့ ညွန်ပြလျက်။ အမှတ်တမဲ့နာရီကြည့်ရင်းဖြင့်ပင် သူမအကြောင်းတို့က အတွေးထဲသို့ မဖိတ်ခေါ်ဘဲ ရောက်လာသည်။မွေးနေ့အမှတ်တရဖြင့် ဟာယွန်း လက်ဆောင်ပေးခဲ့သည့် ယွန်းဂီသိပ်ကြိုက်သော Rolexနာရီ...။ သူမပေးသည့် လက်ဆောင်ကို အသိအမှတ်ပြု ဝတ်ဆင်လေတိုင်း ယွန်းဂီ မမြင်အောင် ခိုးပြုံးတတ်တဲ့ သူမ၏အကျင့်... ထိုအပြုံးလေးကို မတွေ့ရတာ ကြာခဲ့ပြီဟုပင် ထင်မိသည်။
"ဆောရီး... ထွက်လာတာ နည်းနည်း နောက်ကျသွားလို့"
ရောက်ရောက်ချင်း တောင်းပန်စကားဆိုကာ မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံကို ဝင်ထိုင်လိုက်သော ဂျီမင်ကြောင့် အတွေးစတို့ ရပ်တန့်သွားခဲ့သည်။ စားပွဲထိုးရောက်လာသည်မို့ ယွန်းဂီက steakတစ်ပွဲမှာရင်း ဂျီမင်က carbonaraတစ်ပွဲမှာသည်။ အားလုံးမှာပြီးသည့်နောက် စားပွဲထိုးအနားမှ ထွက်သွားသည်အထိ ဂျီမင်ပုံစံကို ကြည့်ရသည်မှာ စကားစရန် တွေဝေနေသည်ဖြစ်၍ ယွန်းဂီကသာ ဦးဆောင်ရန် ဆုံးဖြတ်လိုက်သည်။
"ဟာယွန်း အခြေအနေတိုးတက်လာတယ်မလား...။ သူက ထင်ထားတာထက် စိတ်မာတဲ့ မိန်းကလေးတစ်ယောက်ဆိုတော့""သူ အများကြီး ကောင်းလာပါပြီ။. တစ်ခုပဲ မင်းဘက်က သူ့ကို ဒီထပ်ပိုပြီး စိတ်ဖိစီးမှုမပေးစေချင်တော့ဘူး.. သူ့ကို စိတ်ရင်းအတိုင်း အကောင်းဆုံးဆက်ဆံပေးဖို့ တောင်းဆိုချင်တယ်"
"ငါ့ဘက်က အတတ်နိုင်ဆုံး ဖြည့်ဆည်းထားတာပဲလေ...။ ဒီထက်ပိုပြီး မျှော်လင့်နေရင်တော့ မတတ်နိုင်ဘူးပေါ့"
ယွန်းဂီ၏ ပြောစကားကြောင့် ဂျီမင် မျက်နှာပေါ်တွင် မချိတင်ကဲ အပြုံးလေးတစ်ခု ဖြတ်ပြေးသွားသည်။ မှတ်မှတ်ရရ ဟာယွန်းနှင့် သူ လက်ထပ်ပွဲနေ့ကလည်း ဂျီမင်ထံမှ ထိုအပြုံးကို မြင်ခဲ့ရဖူးသည်။ ဒီနေ့ မျက်နှာချင်းဆိုင် စကားပြောရန် ချိန်းဆိုကတည်းက တစ်ခုခု ထူးခြားနေမှန်း ယွန်းဂီ ရိပ်မိပါသည်။
"မင်ယွန်းဂီ... မင်းစဉ်းစားကြည့်ပါဦး။ ဒီအတောအတွင်း ဟာယွန်းကို နည်းနည်းလေးမှ မချစ်မိဘူးလားလို့"