(Unicode)
ယွန်းဂီ စီစဉ်ပေးထားသည့် ဒရိုင်ဘာနှင့်အတူ ဂျီဆိုး၏ ကူညီဖေးမမှုဖြင့် တောင်းဆိုထားသည့်နေရာဖြစ်သော တရားရုံးရှိရာသို့ ဟာယွန်းလာခဲ့လိုက်သည်။ စောစီးစွာပဲ ရောက်နေမိ၍လားမသိ... ယွန်းဂီကို မတွေ့မိ။ ကျန်းမာရေးအခြေအနေကြောင့်ပဲ တရားခွင် စမှလာမည်လားတော့ မခန့်မှန်းတတ်။ ဘာကြောင့်ရယ်မသိ ဟာယွန်း စိတ်ထဲတွင် ဟာလာဟင်းလင်းကြီး ဖြစ်နေသည်။
"နင် စောသားပဲ""ဟမ်...? နင်ကပါ ဘာလို့ ဒီကို ရောက်နေရတာလဲ"
"ငါ့ကိုလည်း လာခဲ့ပါဆိုလို့"
ဟာယွန်း တွေဝေသွားမိသည်။ ဂျီမင်သည် မိမိတို့ကြား၌ ဖြစ်ခဲ့သည့် မည်သည့်အကြောင်းခြင်းရာကိုမှ တစ်စွန်းတစ်စပင် သိသူမဟုတ်။ ဘယ်အတွက်ကြောင့်များ ယွန်းဂီသည် ဂျီမင်ကိုပါ ဖိတ်ကြားခဲ့ရတာလဲ...။
"လမ်းလေး ဘာလေးမလျှောက်ချင်ဘူးလား""ဟဲ့... ဒီနေရာကြီးမှာလေ?"
"အင်းပေါ့... လူလည်း ရှင်းနေတာပဲဟာ... နင်တော်တော်လည်း လျှောက်နိုင်သလောက်ရှိနေပြီပဲကို... ငါတွဲပေးမယ်... အိမ်မှာ ကျင့်တာလည်း ကျင့်ပေါ့... နင်ကဘယ်အချိန်ထိ ဝှီးချဲပေါ်မှာ ဒီတိုင်းဆက်ထိုင်နေဖို့ စဉ်းစားထားတာလဲ"
အားပေးမှုနှင့်အတူ ကမ်းလာသော လက်တစ်ဖက်။ မိမိအား အကူအညီ အထောက်အပံ့ပေးမည်မှာ သေချာနေလျက်ကိုပင် ထိုလက်အား ဖမ်းဆုပ်ရန် အဘယ်ကြောင့် မဝ့ံမရဲဖြစ်နေရသနည်း။ ချီတုံချတုံ ဆုံးဖြတ်ချက်များကြားထဲကပင် ဟာယွန်း လက်လှမ်းလိုက်မိခဲ့သည်။
"ဖြည်းဖြည်းထ""အင်း... ငါ့လက်ကို မလွှတ်နဲ့နော်"
"စိတ်ချပါ... နင့်ဘက်က စမဖြုတ်သ၍ ဒီလက်ကို လွှတ်လိုက်ဖို့ ငါစိတ်ကူးမရှိပါဘူး"
ဂျီမင်၏ အရိုးရှင်းဆုံးဝန်ခံသည့်စကားကြောင့် ဟာယွန်း သူ့မျက်နှာကို ဖျတ်ခနဲ ကြည့်လိုက်မိသည်။ သူကတော့ အပြစ်အကင်းဆုံးအပြုံးတို့ဖြင့် မျက်လုံးတို့ မှိတ်သည်အထိ ပြုံးပြကာ သူမ၏အကြည့်တို့ကို ဆီးကြိုနေလျက်...။
"တွေ့လား... တော်တော်ရနေပါပြီဆို... နောက်ဆို အလေ့အကျင့်ဖြစ်အောင် ဝှီးချဲကြီး စီးမနေနဲ့တော့"
ဂျီမင်၏ လက်တစ်ဖက်ကို အားပြုကာ မတ်တပ်ရပ်လိုက်ရင်း တစ်လှမ်းချင်း လှမ်းနေမိသော သူမ။ ခြေထောက်ကို ကြွဖို့၊ လှမ်းဖို့ အချိန်ယူနေရခြင်းတို့ကြောင့် ထင်သလောက်တော့ ခရီးမပေါက်သေး။ သူမအဖြစ်က ကလေးငယ်တစ်ဦး လမ်းလျှောက်သင်နေရသကဲ့သို့ပင်။ ခြေထောက်မခိုင်သေးသောကြောင့် တစ်ချက်တစ်ချက် ယိုင်တိုင်တိုင်ဖြစ်သွားလျှင် ဂျီမင်က အနောက်ကနေ လှမ်းထိန်းပေးသည်။
"ဟိုမှာ ယွန်းဂီမလား"