(Unicode)
ချိန်းဆိုထားသည့်နေရာသို့ စောစီးစွာရောက်နေခဲ့သော်လည်း မျှော်နေသည့်သူကတော့ ပေါ်မလာသေး။ ယွန်းဂီ သူ့လက်က နာရီကိုသာ တကြည့်ကြည့်ဖြစ်နေမိသည်။ ဆိုင်လေးသည် အတော်ပင် တည်ငြိမ်အေးဆေးကာ လူတွေများပြားပြီး ရှုပ်ယှက်ခတ်ခြင်းတို့ မရှိ။ အဲ့ဒါကြောင့်လည်း အေးအေးချမ်းချမ်းစကားပြောဖို့ လိုအပ်သည့်အခါတိုင်း ထိုဆိုင်ကိုသာ သူရွေးချယ်လေ့ရှိသည်။
"Oppa အစောကြီးရောက်နေတာပဲ"
သူတို့ကြည်နူးခဲ့ဖူးစဉ်ကအတိုင်း အပြစ်ကင်းချိုမြိန်လှသည့်အပြုံးလေးဖြင့် နှုတ်ဆက်ကာရောက်လာသည့် ဟယ်ဂျူ။ ထိုကဲ့သို့ အပြုံးချိုချိုများအား သူယစ်မူးခဲ့မိသည်မှာမဆန်း။ သို့ရာတွင် လူတို့၏ ပြောင်းလဲတတ်သောသဘောအရ ထိုအပြုံးချိုချိုလေးတွေကိုပင် မေ့လျော့ပြီး အရယ်အပြုံးနည်းသော အခြားသူတစ်ယောက်ထံ သူ့အသည်းတစ်ခုလုံးအား ထပ်ပြီး ပုံအပ်ပေးမိသည့်အဖြစ်မှာလည်း သိပ်ပြီးထူးဆန်းအံ့သြဖွယ်တော့မဟုတ်။
"ငါ ဘာလို့ချိန်းလဲ မင်းသိပါတယ်""သိပ်သိတာပေါ့... ကျွန်မကို ချက်ချင်းတွေ့ဖို့တောင် ပြောရတယ်ဆိုတော့ ကျွန်မ ဟာယွန်းကို ပြောပြလိုက်တဲ့ကိစ္စက oppaလို ရေခဲတုံးကိုတောင် လှုပ်ခတ်သွားမယ်မှန်း သိပြီးသား"
မထီတရီ ပြောလာသည့် ဟယ်ဂျူ့စကားတို့သည် အရာအားလုံးက သူမတွက်ကိန်းအတိုင်းဖြစ်လာသည်ဟု ထင်ယောင်စရာ။ စကားပလ္လင်တို့ ခံနေခြင်းသည် အချိန်ကို ပိုကြံ့ကြာစေသည်ဟု ခံယူထားသည့်အလျောက် ယွန်းဂီ လိုရင်းကိုသာမေးလိုက်သည်။
"ကယ်တဲ့လူကိစ္စ... ရှင်းအောင်ပြော""အေးဆေးပေါ့... အအေးလေး ဘာလေး မှာပါရစေဦး။ သူကလည်း သိချင်သေးတယ်... သူကပဲ လူကိုလာလောပြနေတယ်"
မင်ဟယ်ဂျူက သူ့စကားကို အလေးပင်မထားဘဲ အေးအေးသက်သာပင် menuကို ကြည့်ကာ ဘာသောက်ရမလဲ ရွေးနေသည်။ သူမကြည့်ရတာ အချိန်ကို ရရင်ရသလောက်ဆွဲထားမည့်ပုံစံ။
"ကိုယ် အချိန်သိပ်မရဘူး""ရပါတယ်... ဟာယွန်းကို ဆေးရုံမှာ ထားခဲ့တာပဲဟာ...။ ကျွန်မနဲ့တွေ့ပြီးမှ သွားပြန်ခေါ်မှာကိုများ"
မင်သက်သွားမိသော်လည်း အတတ်နိုင်ဆုံးအမူအရာကို မပြမိအောင် ယွန်းဂီ ထိန်းနေရသည်။ နောက်ယောင်ခံသည့်သူ ဘယ်နှယောက်များရှိနေမလဲ သူမသိနိုင်။
"သူများ privacyဆိုတာ လေးစားရတယ်... အဲ့ဒါ လူမှန်ရင် အလိုလိုကို နားလည်နေရမယ့် basic ethicပဲ"