အပိုင်း (၁)
9.7K 337 2
             ထို့အတူပင် တည်းခိုဆောင်များ စားသောက်ဆိုင်များကလည်း ပေါများ လှ၏ .. ဈေးလမ်း တလျှောက်တွင် ၀ဲဘက် ယာဘက် နှစ်ဘက်စလုံး၌ ဆိုင်အသီးသီး ကနေရာယူထားကြသည်...
          ထိုဆိုင်များထဲတွင်မှ အကြီးမားဆုံး အခန့်ငြားဆုံး အသစ်လွင်ဆုံး ဆိုင်ကြီး တစ်ဆိုင်ကို တွေ့မြင်ရနိုင်သည် .. ရွှေနဂါးဟု အမည်ရှိသော ထိုဆိုင်သည်က၀ူပေမြို့ တွင် နာမည်အကြီးဆုံး ရောင်းအားအကောင်းဆုံးဆိုင်တစ်ဆိုင်ပင်ဖြစ်သည်...
             နာမည်ကျော်ကြားလှသည်နှင့်အမျှ ကုန်ကျစားရိတ်ကလည်း ကြီးမြင့်လှ သည်.. ထို့ကြောင့်လာရောက်စားသောက်သူများမှာလည်း သူဌေးသူကြွယ်များ သာဖြစ်ကြသည်ဆိုသည်မှာကို အထူးပြောပြနေစရာမလိုပေ...
              ဆိုင်ထဲတွင် လာရောက်စားသူများမှာ အသွေးအရောင်တောင်ပြောင် သောပိုးဖဲ ကတ္တီပါဝတ်စုံများကို ၀တ်ဆင်ထားလျှက် အမျိုးအမည်စုံလင်လှသော အစားအသောက်များကိုမြိန်ယှက်စွာ စားသုံးနေကြသည် ....
                 လူချမ်းသာများသာ ကျင်လည်ကျက်စားရာ ထိုဆိုင်ထဲသို့ အဖိုးအိုနှင့်ကလေးသုံးယောက် ၀င်ရောက်လာ၏.. အဖိုးအိုအပါအ၀င် ကလေးသုံးယောက်မှာ ပေစုတ်စုတ် အ၀တ်အစားနှင့်နွမ်းပါးသည့်ဟန်ရှိသည်မို့ ဆိုင်လုလင်များ မောင်းထုတ်မည်ဟု ယူဆစရာရှိသော်လည်း အကယ်စင်စစ် ဆိုင်လုလင်များမှာ ပြုံးရွှင်သော မျက်နှာထားနှင့်ပင် သွားရောက်ကြိုဆို နေကြသေးသည်...
                    အဖိုးအိုသည်  လေတိုးလိုက်လျှင်ပင် လဲတော့မယောင် ပိန်ပါးလှပြီး အသားအရေမှာလည်း ၀ါထိန်လှ၏ .. သူ၏လက်ထဲတွင်မတော့ ညိုညစ်ညစ်စာအုပ် တစ်အုပ်ကို ကိုင်ထားသည်.. သူနှင့်ပါလာသော ကလေးသုံးယောက်မှာမူ အသက် ဆယ်နှစ်မျှ အရွယ်တူလေးများဖြစ်ကြပြီး သုံးယောက်လုံး လေးကွက်ကျား ကတုံးလေးနှင့်ဖြစ်၏.. .. ခပ်၀၀ ကလေးသည် လက်တစ်ဖက်က အစပ်အဖာများနှင့် အိတ်တစ်အိတ် ကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်မှာ  ဒုတ်ထိုး မက်မန်းသီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်.. မျက်စိခပ်မှေးမှေးနှင့် ကလေးကတော့ ပိန်ချုံ့ မည်းတူးနေသော ခွက်တစ်ခွက်ကို ကိုင်ဆွဲထား၏.. ထိုခွက်ထဲတွင် ခဲလုံးများ ထည့်ထား၍ လုပ်ရှားလိုက်တိုင်း ဂလောက် ဂလောက် ဟူသော မည်သံက အတိုင်းသားကြားနေရလေသည်.. ကျန်ကလေးတစ်ယောက်ကတော့ ရှူဆေးဘူး တစ်ဘူးကို လက်ထဲထည့်ကာ တရှူးရှူးနှင့်ရှူနေသည် ..ထိုကလေးသည် အဘိုးကြီး နည်းတူ ပိန်လှီလှပြီး မျက်နှာတွင်လည်း အနာစိမ်းများက နေရာအနှံပေါက်နေ၍ ဖယောင်းချက်များ ကပ်ထားရ၏..
                         အဖိုးအိုက ဆိုင်ထဲသို့ရောက်လျှင်ရောက်ရောက်ခြင်းပင် ..
      ''' အဟမ်း အဟမ်း .. ရွှေနဂါးဆိုင်ထဲမှာ လာရောက်စားသောက် နေကြသော သူဌေးမင်းများ ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား .. ကျွန်တော့် နာမည်ကတော့ ဖုန်ချူးလို့ခေါ်ပါတယ် .. ဒီနေရာမှာ ကျွန်တော့် အကြောင်းကို ကြားဖူးကြမယ့် သူ တွေလည်း ရှိနိုင်သလို မသိကြတဲ့ သူတွေလည်း ရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ အခုလို မိတ်ဆက်ရတာပါ.. ကျွန်တော့်ရဲ့ အလုပ်အကိုင်ကတော့ သိုင်းလောက မှာ ထင်ရှား ကျော်ကြားခဲ့တဲ့ အဖြစ်အပျက်တွေ လတ်တလော ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ကို ပြန်လည် ဝေမျှပြောပြတဲ့ အလုပ်ကို လုပ်ပါတယ် .. အခကြေးငွေ အနေနဲ့တော့ ကျွန်တော်တို့မြေးအဖိုးလေးယောက်ကို သဒ္ဒါသလောက် သာ ပေးကမ်းနိုင်ပါတယ် .. လူကြီးမင်းတို့ သိချင်ကြားချင်တဲ့ အကြောင်းအရာကိုသာမေးလိုက်ပါ ထင်ရှားကျော်ကြားတဲ့ အဖြစ်အပျက် အားလုံးနီးပါးကို ကျွန်တော် သိပါတယ်..''
                 အဖိုးအိုသည် လူကသာပိန်လှသော်လည်း သူ၏ အသံမှာ လွန်စွာမှ ကျယ်လောင်လှ၏...
                  ရုတ်တရက် ဤကဲ့သို့ ကျယ်လောင်သော အသံထွက်ပေါ်လာ၍ စားသောက်နေသူများ.. စကားစမြည်ပြောနေသူများ .. အရက်သောက်နေကြသူများ မှာ ဆိုင်ပေါက်ဝဆီသို့သာ လှမ်းကြည့်ကြကုန်၏..
                  အဖိုးအိုဖုန်ချူးကို သိကြသည့်သူများကတော့ ကိစ္စမရှိ ရိုးနေဟန်ဖြင့် စားသောက် စကားပြောခြင်းအလုပ်ကို ဆက်လုပ်နေကြသော်လည်း .. ယခုမှ သိသူများမှာတော့ စူးစမ်းလေ့လာသည့်ဟန်နှင့် တွတ်ထိုးတွတ်ထိုးလုပ်နေကြသည်..
                  ထိုစဉ်တွင် ထိပ်ဆုံးဝိုင်းမှ လူတစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး အဖိုးအိုအနီးသို့လျှောက်လှမ်းလာခဲ့သည် ...အသက်ငါးဆယ်ခန့် အရွယ်ရှိပြီး အနီရောင်ကတ္တီပါ ကိုယ်ကျပ်အင်္ကျီကို ၀တ်ဆင်ထားပြီး ခါးကြားတွင် ကျောက်စိမ်းများ စီချယ်ထားသည့် ဓါးတလက်ကို ချိတ်ဆွဲထားသည် .. မြင်ရုံနှင့်ပင် အဆင်မြင့် သိုင်းသမားတစ်ယောက်ဟုသိသာနိုင်ပေသည်..
                   ထိုလူမှ မယုံသင်္ကာသောဟန်နှင့်
                ''' ကောင်းပြီ အဲ့ဒါဆို ကျူပ်မေးမယ် .. လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်လောက်က သိုင်းလောကမှာ အကြီးကျယ်ဆုံး ဖြစ်ရပ်တစ်ခု ဖြစ်သွားတယ် အဲ့ကိစ္စကဘာလဲ ဆိုတာပြောနိုင်ရင်တော့ လူတော်လို့ သတ်မှတ်ရမှာပဲ''
                   အဖိုးအိုဖုန်ချူးမှ အဖြူတ၀က်စွက်နေသော သူ၏ မုတ်ဆိတ်ကြီးကို သပ်ချလိုက်ပြီး...
                    '''' အင်း.. လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်တုန်းကဆိုရင်တော့ ယိယှတောင်တန်းမှာ ဖြစ်ခဲ့တဲ့ အလယ်ပိုင်းသိုင်းလောကနဲ့ မြောက်ပိုင်းသိုင်းလောက ရဲ့ အကြီးမားဆုံးသွေးချောင်းစီး တိုက်ပွဲပဲ... ကျုပ်တို့ပြည်မ သိုင်းလောက ကအဖြူရောင် သိုင်းသမားတွေ အနက်ရောင်သိုင်းသမားတွေပါ စည်းစည်းလုံးလုံးနဲ့ မြောက်ပိုင်းသိုင်းသမားတွေရဲ့ သိုင်းလောကကို အုပ်စိုးမဲ့ ရန်က တွန်းလှန်ခဲ့ ကြရတာလေ..  မှတ်မိသေးတယ် .. အလယ်ပိုင်းရော မြောက်ပိုင်းရော အကြီးအကျယ် အထိနာ ပြီး သေကျေပျက်စီးခဲ့ကြတာ .. ရှောင်လင် ၀ူတန် ငိုမေ ၀ါဆန်း ခုံတုံ ခွန်လွန်း သူတောင်းစားဂိုဏ်း အစရှိတဲ့ အဖြူရောင်သိုင်းသမားတွေရော ကောင်းချန် တင်းချန် ကောင်းတုံ ယွဲ့ရုံ အစရှိတဲ့ အနက် မကျ အဖြူမကျ ဂိုဏ်း တွေရော  အနက်ရောင်သိုင်းလောကရဲ့အဓိပတိ တင်းလုံ ဂိုဏ်းရော ပါ အင်အားအများ ကြီးဆုံးရှုံးခဲ့ကြတယ်''
                        '' ဘိုးဘိုး ဘာလို့ အနက်ရောင်ဂိုဏ်းမှာ တင်းလုံ ဂိုဏ်း တစ်ဂိုဏ်းပဲပါတာလဲ ကျန်တဲ့အဖွဲ့တွေကရောမပါဘူးလား ..''
          အဖိုးကြီးကစကားခေတ္တမျှ ရပ်လိုက်သောအချိန်တွင် နှာရှူဆေးဗူးနှင့် ကောင်ကလေးမှ လှမ်းမေးလိုက်သည် .. အမှန်တော့ ပရိတ်သတ် စိတ်ဝင်စားမှု ပိုရန် စကားထောက်ခြင်းဖြစ်သည်..
                     ''' ဟုတ်တယ် အားကွေ့ ရဲ့ အနက်ရောင် ဂိုဏ်းမှာ တင်းလုံ တစ်ဂိုဏ်းပဲ ပါတယ် .. ဘာလို့လဲဆိုတော့ ရှိသမျှ အနက်ရောင် အဖွဲ့အစည်း အားလုံး နီးပါးကို တင်းလုံဂိုဏ်းက စုစည်းဝါးမြိုထားလို့ပဲ ... ဒါကြောင့်  အနက်ရောင်ဖက် မှာ သူ့တစ်ဂိုဏ်းပါတာဟာ အနက်ရောင်သိုင်းအဖွဲ့အစည်းအကုန်ပဲလို့ ယူဆလို့ ရတယ်.. ဒါနဲ့ ဆရာကြီး ကျောက်စိမ်းနဂါး တင်းပေ ခင်ဗျား ..ဆရာကြီး မေးတဲ့ နှစ်သုံးဆယ် အဖြစ်အပျက်ဆိုတာ မြောက်ပိုင်း အလယ်ပိုင်း တိုက်ပွဲကို ဆိုလိုတာမှ ဟုတ်ရဲ့ လားခင်ဗျား''
                           ကျောက်စိမ်းနဂါးဟု အခေါ်ခံလိုက်ရသူမှ အံ့အားတကြီး နဲ့.        ......'''''ဒီအကြောင်းအရာကို သိတာကတော့ ထားလိုက်ပါတော့.. ကျုပ်နာမည် ကို သိတာတော့ အံ့အားသင့်စရာပဲ..'''
                 '' ကျောက်စိမ်းဓါး ကိုခါးမှာထိုးပြီး အင်္ကျီအနီရောင်ကို စွဲစွဲမြဲဝတ် တတ်တဲ့ သူဆိုလို့ သိုင်းလောကမှာ တင်းမိသားစုရဲ့ နာမည်ကျော် ကျောက်စိမ်းနဂါး တင်းပေ ပဲရှိတယ်ဆိုတာ လူတိုင်းသိကြပါတယ်ဗျာ...''
          အဖိုးကြီး၏စကားအဆုံးတွင် တင်းပေက တဟားဟား နှင့်ရယ်ရင်း
        '' မိတ်ဆွေကြီးရဲ့ ကျယ်ပြောလှတဲ့ ဗဟုသုတကို တော့ လေးစားမိပါတယ် ဒါနဲ့ ခုနစကားကို ဆက်ပါအုံး  '''
အစ၏အဆုံး အဆုံး၏အစ Where stories live. Discover now