အပိုင်း(၁၂+၁၃)

1K 93 0
                                    

#12 ( အစ၏အဆုံး ..အဆုံး၏အစ )  Pyae Phyoe San
သွေးဘီလူးခန္ဓာကိုယ်သည် အရိုးများမရှိတော့သည့်နှယ်ပျော့ခွေလဲကျသွားသည် .. ဘုန်းကြီးရွှီကြွင်းသည် သွေးဘီလူးအား ဂရုပင်မစိုက်တော့ဘဲ မေ့မျောနေသည့် အားကွေ့ထံသို့သာ စိုးရိမ်တကြီးနှင့် သွားရောက်ကြည့်ရှုတော့၏...
အားကွေ့မှာ မေ့မျောလျှက် အေးစက်ကာနေသည်.... ၀ူတန်ဂိုဏ်းချုပ်ကြီး က အားကွေ့အား တကိုယ်လုံးအနှံ့ စမ်းသပ်ပြီးနောက် .... ခေါင်းတစ်ချက်ယမ်းလိုက်ပြီး ..
'' ကံဆိုးရှာတဲ့ ကလေးလေး .. အတွင်းအားလှိုင်းဒါဏ်သင့်သွားတဲ့ အပြင် အဆိပ်ဒါဏ်ပါ ခံလိုက်ရရှာတယ် .. '''
'' ဂိုဏ်းချုပ်ကြီး ဘုန်းကြီးတစ်ခုလောက်အကူအညီတောင်းပါရစေ... သွေးဘီလူးကို ခေါ်ပြီး အကျဉ်းချထားပေးပါ.. .. .. သူ့ရဲ့ အဆိပ်ခုနှစ်မျိုး လက်ဝါးက ပျက်စီးသွားပေမယ့် ကျန်တဲ့သိုင်းပညာက အကောင်းပကတိအသုံးပြု လို့ရသေးတယ် .... သူအနှစ်နှစ်အလလ ကျင့်ကြံထားတဲ့ သိုင်းပညာရပ်ဆိုတော့ ပျက်စီးသွားမှာ နှမျောလို့ မဖျက်စီးပစ်လိုက်တာ ..ပြီးတော့ သူ့မှာလဲ အမှားကနေ အမှန်ပြင်ဖို့ အခွင့်အရေးရှိပါတယ်လေ... ကလေးကိုတော့ ဘုန်းကြီး ရှောင်လင်ကို အမြန်ခေါ်သွားမှ ဖြစ်မယ် .. '''
ဂိုဏ်းချုပ်ကြီးကလည်း ..
'' ကောင်းပြီလေ .. သွေးဘီလူးကို ဖမ်းမိထားပြီဆိုတော့ အာမခံဌာနပစ္စည်း တွေအတွက် ခြေရာကောက်ဖို့လမ်းစ တော့ရသွားပြီ.. သူ့ကို တည်ကြက်လုပ်ပြီး ကျန်တဲ့ သွေးအရိပ်တို့ကို ထောင်ဖမ်းဖို့ မခက်တော့ဘူး.. ဘုန်းကြီးသာ စိတ်ဖြောင့်ဖြောင့်နဲ့ ရှောင်လင်ကို ပြန်ပါ.. ပြီးတော့ ပန်းလိပ်ပြာဆိုတာကို သိုင်းလောကတစ်ခုလုံးသိသွားကြရင် ပြသနာတွေ အများကြီးဖြစ်ပျက်လာနိုင်တယ် ..
ဘယ်လောက်ပဲ ဘုန်းကြီးအနေနဲ့အမြင်မှန်ရသွားတယ်လို့ပဲဆိုဆို သွေးကြွေးဆိုတာ ခက်တော့ခက်သားမို့လား ..ဘုန်းကြီးကို အုံလိုက်ကျင်းလိုက် ဒုက္ခပေးကြမှာ'''
''' ကိုယ်လုပ်ခဲ့တဲ့ အပြစ်တွေအတွက် ပြန်ခံရလည်း ဘုန်းကြီး မမူပါဘူး .. ဒီကလေးရဲ့ အသက်အန္တရယ်စိုးရိမ်ရလို့သာ .. ''
ပြောစရာစကား ကုန်သွားသည့်နှယ် နှစ်ဦးသား အတန်ကြာ နူတ်ဆိတ်နေ ပြီးမှ.. ၀ူတန်ဂိုဏ်းချုပ်ကြီးသည် ဘုန်းကြီးအား ဂါရ၀ပြုလိုက်ရင်း
'' ကိုင်း ... ဒီလိုဆို တပည့်တော် သွားတော့မယ် .. '''
သွေးဘီလူးအား ဂုတ်မှဆွဲကိုင်ကာ မိုးပေါ်ဝဲ ကိုယ်ဖော့ပညာဖြင့် သူရဲကောင်းဇရပ်ပိုင်ရှင်တို့ရှိရာစီသို့ ပြေးထွက်သွားလေတော့သည်..
မီးအိမ်များမှာလည်း ချိန်သားကိုက်ထားသည့်နှယ် တဖြည်းဖြည်း မီးစာကုန်၍ တလုံးပြီးတလုံး ငြိမ်းသွားကြလေသည်...
သို့သော် ... အရှေ့အရပ်ဆီမှ အာရုဏ်တက် အလင်းရောင်က ထွက်ပေါ်စပြု လာ၏..
တိမ်ကြားထဲတွင် ရှင်နေမင်းသည် အပျိုဖြန်းမလေးသဖွယ် မရဲတရဲ ထိုးထွက်လာခဲ့သည်....
ဟန်ကြီးပန်ကြီးနှင့် သွေးဂိုဏ်း အဖွဲ့ဝင်များကတော့ ဘယ်စီဘယ်ဝယ်ရောက် သွားကြသည်မသိ...
အဆိပ်ဒါဏ်ကြောင့် ညိုးခြောက်နေသည့်သစ်ပင်များ .. ခုံတန်းလျားရှည် .. နှစ်ခြမ်းကွဲနေသော မီးဖိုကြီး သာ မရှိခဲ့ဘူးဆိုလျှင် အိမ်မက်သဖွယ်ပင် ခံစားရပေမည်.. တိုက်ပွဲအဆုံးတွင် ကျန်ရှိခဲ့သော ဆုလာဒ်က သွေးဘီလူးအား လက်ရဖမ်းဆီးနိုင်ခြင်း ဆိုလျှင် အရင်းအနှီးက အားကွေ့တစ်ယောက် ဖြစ်မည်ပင်...
ဘုန်းကြီးသည် စုတ်ပြဲနေသော သင်္ကန်းစအား ပြန်လည် ပြုပြင်လိုက်ပြီး အားကွေ့ ပြုတ်ကျထားသည့် ပုရစ်ဘူးနှင် လက်စွဲတော် ရှူဆေးဘူးအား ကောက်ယူ၍ အားကွေ့ကို ပုခုံးပေါ်တင်ကာ ထိုနေရာမှ အမြန်ဆန်ဆုံးပြေးသွားလိုက်သည်...
ဝူတန်ဂိုဏ်းချုပ်ကြီး၏ တိမ်ပေါ်ဝဲ ကိုယ်ဖော့ပညာသည်ပင် ဘုန်းကြီး ရွှီကြွင်း၏ ကိုယ်ဖော့ပညာနှင့် ယှဉ်လိုက်လျှင် ကလေးသာသာမျှပင် ရှိမည်ထင်သည်..
လေတိုးသံ ပင်မကြားရလောက်အောင် လျှင်မြန်လွန်းလှသည်တကား...
အကယ်၍ သာမာန်လူတစ်ယောက်သာ ထိုမြင်ကွင်းကို မြင်တွေ့ရမည်ဆိုလျှင် အာရုဏ်ကျင်းချိန်တွင် တစ္ဆေသရဲခြောက်သည်ဟု ထင်မှတ်မှား ရလောက်အောင်ပင် မြန်ဆန်လွန်းလှ၏...
..... ..... .... .... ..
ဝူတန်ဂိုဏ်းချုပ်ကြီးသည်သွေးဘီလူးအား ဖမ်းဆီးခေါ်ဆောင်လျှက် သူရဲကောင်း ဇရပ်ပိုင်ရှင်တို့အဖွဲ့ထံ ပြန်လည်ရောက်သွားသောအခါ အလောင်းများကို မြင်းလှည်းပေါ်သို့ တင်ဆောင်ပြီးသားဖြစ်နေကြသည်..
ယဲ့ယွင်နှင့် ယဲ့ပိုင်တို့မှာမူ စိတ်ဓါတ်ကျနေသည့် ပုံကား မျက်နှာတွင် အထင်းသားပေါ်လွင်နေသည်.. သိုင်းလောကထိပ်သီးဝင် အဆင့်မြင့်သိုင်းသမား များ ဖြစ်ကြသော်လည်း ယနေ့ညတွင်မူ သွေးဘီလူးတစ်ယောက်အား ရှူံးနိမ့် လုလု အခြေအနေ ဖြစ်ခဲ့သောကြောင့်ပင်...
ဝါဆန်းဂိုဏ်းချုပ် ရိချင်းသည် ၀ူတန်ဂိုဏ်းချုပ်လက်တွင်း၌ ခွေခေါက်စွာ ငေးမှိုင်နေသော သွေးဘီလူးကို မြင်လျှင် သဘောကျသည့်နှယ်ပြုံးလိုက်ရင်း ..
'''' ဟားဟားဟားဟား .. ဘယ်လိုလဲ သိုင်းလောကမှာ အင်မတန်သတင်းကြီးတဲ့ သွေးဘီလူးတစ်ယောက် .. အခုတော့လည်း တွေ့ရမြင်ရတာ သနားစရာတောင် ကောင်းနေပါပေါ့လား... '''
သွေးဘီလူးကတော့ မည်သည့်စကားမျှပြန်မဆိုသာပေ .. သူ၏ဖြစ်အင်ကို သူသာလျှင် သိနိုင်ပေသည်.. အသံမျှ မထွက်နိုင်အောင်ပင် သူ၏တစ်ကိုယ်လုံးး ပျော့ခွေ နာကျင်နေသည်လေ.. ဘုန်းကြီးရွှီကြွင်း၏ လက်ထောက်ပညာက အံ့ဖွယ်ကောင်းလှ၏.. သူ့တွင် အင်အားဟူ၍ တစ်စုံတစ်ရာမျှ မရှိတော့သလို ပါးစပ်ပင်ဟရန် အားအင်လက်ကျန်ပါ ကုန်ဆုံးသွားသလိုပင်..
ထိုပြင်အရေးအကြီးဆုံးအချက်က သူ့တွင် မျှော်လင့်ချက် ပျောက်ဆုံးသွား သောကြောင့်ဖြစ်သည်...
ခုတ်နဂါးယဲ့ယွင်မှ တွန့်ကြေနေသော အ၀တ်အစားများကို လက်ဖြင့် သပ်ကာ .. လက်နှစ်ဖက်ဆုပ် ဂါရ၀ပြုရင်း ...
''' သူရဲကောင်းဇရပ်ပိုင်ရှင်နဲ့ ဂိုဏ်းချုပ်ကြီးများခင်ဗျား .. အခုလာရင်း ကိစ္စလည်း ပြီးပြတ်သလို ဖြစ်သွားပြီဆိုတော့ ကျွန်တော်ယဲ့ယွင်လည်း ယဲ့အိမ်တော်ကို ပြန်ပါအုံးမယ် .. ဒီက သူရဲကောင်းအပေါင်းကိုလည်း နူတ်ဆက်ခဲ့ပါတယ် '''
''' တူမောင်ယဲ့ သွားရင် ဦးလေးလည်း လိုက်ခဲ့မယ်ကွာ .. တူ့မောင့်အဖေ ယဲ့ရှင်နဲ့ မတွေ့ရတာလည်း ကြာလှပြီ'''
ဆယ်မျက်နှာခြေဆန့်သူ ယွဲ့ပိုင်ကလည်း ထိုနေရာတွင် ဆက်လက်မနေခြင်တော့ သောကြောင့် ခုတ်နဂါးယဲ့ယွင်အားလှမ်းပြောလိုက်၏...
ဝူတန်ဂိုဏ်းချုပ်ကြီးကလည်း ၎င်းတို့၏ ခံစားချက်ကို သဘောပေါက်သည်နှင့် မည်သို့မျှမဆို ဦးခေါင်းတစ်ချက်ငြိမ့်ကာ ခပ်မဆိတ်သာ ရှိတော့သည်..
သူရဲကောင်းဇရပ်ပိုင်ရှင်မှာ ခုတ်နဂါးယဲ့ယွင်အား တားမြစ်လိုသော်လည်း .. ယွဲ့ပိုင်ပါ နေထားမည်စိုးသောကြောင့် ဆက်လက်မတားမြစ်တော့ပေ..
ထို့နောက်တွင် .. ခုတ်နဂါးယဲ့ယွင်နှင့် ဆယ်မျက်နှာခြေဆန့်သူတို့ နှစ်ယောက် ယွဲ့အိမ်တော်မှ စီစဉ်ပေးသော မြင်းကိုယ်စီနှင့် ထိုနေရာမှ ထွက်ခွာ သွားကြတော့သည်...
ကျန် သိုင်းလောကသားများမှာလည်း မျက်စိမျက်နှာမကောင်းလှပဲ ရှိ၏..
မည်သည့်သိုင်းဟူ၍ တကွက်မျှပင်မတိုက်ရဘဲ ရှုံးနိမ့်ခဲ့ရသည်မဟုတ်လား.. သူတို့ကြောင့်ပင် တခြားလူများ အလုပ်ပိုနေသေးသည်လေ...
အလင်းရောင် ပီသစွာ ထွက်ပေါ်လာသည်နှင့် ဂိုဏ်းချုပ်ကြီးတို့ အဖွဲ့သည် သူရဲကောင်းဇရပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်..
သွေးဂိုဏ်းနှင့်ပတ်သက်၍ အတန်ကြာပြောဆိုဆွေးနွေးကြပြီးနောက် အမုန်းသီလရှင် .. တောင်ဖြိုလက်သီးတို့ကလည်း စကားအလှဆိုကာ လမ်းခွဲသွားကြပြန်သည် ...
သူတို့ပြန်ပြီးသည့်နောက်တွင် ကျန်သိုင်းသမားများမှာလဲ အလျှိုလျှိုပင် ပြန်လေတော့၏...
တစ်ယောက်ပြီးတစ်ယောက်ပြန်ထွက်သွားသည်ကို ကြည့်ရင်း ၀ါဆန်းဂိုဏ်းချုပ်ကြီးလည်းနေမထိထိုင်မသာ ဖြစ်နေလေသည်.. သူ့ညီလေပြင်းဓါး ရိလုံ အတွက်ရတက်ပွေနေရသောကြောင့်ဖြစ်၏...
သည်းမခံနိုင်သည့်နောက်ဆုံးတွင် .. ၀ူတန်ဂိုဏ်းချုပ်ကြီးအား ဖွင့်ပြောလိုက်တော့သည်...
'''' ဂိုဏ်းချုပ်ကြီး ကျွန်တော့်ကိုလည်း ခွင့်ပြုပါအုံး .. ကျွန်တော့်မှာလည်း ကိုယ်ရေးကိုယ်တာ အခက်အခဲလေးရှိသေးလို့ .. ဒီနှစ်ရက်သုံးရက်အတွင်း ၀ူပေ ကိုရောက်မှ ဖြစ်မှာဗျ .. ''
'' ဘာအခက်အခဲမို့လို့လဲ .. ကျုပ်တို့လည်းသိရတော့ ကူညီပေးလို့ရတာပေါ့ ''
'' ပြောရရင် ရှက်တော့ရှက်စရာပဲဗျာ ... လွန်ခဲ့တဲ့ လေးရက်လောက်က ကျွန်တော့်ညီ ရိလုံ ၀ူပေမှာ ပျောက်နေလို့ သူနဲ့ပါသွားတဲ့ တပည့်သုံးယောက်လည်း အဲ့မှာပဲ အသတ်ခံလိုက် ရတာ ..ကျွန်တော်တို့ဝါဆန်းရဲ့ သတင်းပို့တဲ့ စနစ်နဲ့ ဌာနခွဲတွေ အနှံ့အပြားရှိတာ ကိုလည်း ဂိုဏ်းချုပ်ကြီး အသိသားပဲ ..ဒါပေမယ့် ကြားထဲမှာ လုံးဝကို အဆက်အသွယ်ပြတ်ပြီးစုံစမ်းလို့ကိုမရဘူး .. '''
'' ဟား ..ဟုတ်သားပဲ စာပို့စနစ်ဆိုမှ အခုမှသတိရတယ် ... မိတ်ဆွေကြီးရိချင်း ကျုပ်ကို အကူအညီ တစ်ခုလောက်ပေးအုံးဗျို့ .. မိုးကြိုးဓါးလွေစုကို သူ့ဌာန အဖြစ်ဆိုးကို လှမ်းပြောရအုံးမှာ .. ကျုပ်တို့ယွဲ့အိမ်တော်က စာပို့ခိုနဲ့ဆို မိုးကြိုးအာမခံ ဌာနကို ရက်သတ္တပါတ်တော်တော်ကြာမှ ရောက်လိမ့်မယ်.. '''
'' ဟာ .. ဇရပ်ပိုင်ရှင်ကြီးကလည်း ကျွန်တော်တို့ ၀ါဆန်းဂိုဏ်းကို အကူအညီ တောင်းတယ် မဆိုပါနဲ့ဗျာ ... ဇရပ်ပိုင်ရှင်ကြီးအနေနဲ့ ကြိုက်သလို ခိုင်းလို့ရပါတယ်
ဟေ့ ... ကြွေ့ဟုန် .. လောက်ကျွင်း လာခဲ့အုံး '''
ဟု ၀ါဆန်းဂိုဏ်းချုပ်ရိချင်းကပြော ပြီး သူနှင့်အတူလိုက်ပါလာသောတပည့် နှစ် ယောက်ကို ခေါ် လိုက်သည်..
ဆယ့်ငါးနှစ်အရွယ် ကောင်လေးနှစ်ယောက်သည် ဖျတ်လတ်စွာပင် ၀ါဆန်း ဂိုဏ်းချုပ် အနားသို့ ချက်ချင်း ရောက်လာ၏..
နှစ်ယောက်စလုံးမှာ ရုပ်ရည်သန့်ပြန့်ပြီး ညဏ်ရည်ထက်မြက်မည့် ပုံသဏ္ဍန်ကြောင့် ၀ူတန်ဂိုဏ်းချုပ်ကြီးမှာ အထူး သဘောကျသွားသည်.. စိတ်ထဲတွင်လည်း ...
''' ရိချင်းကတော့ တော်တော် ကံကောင်းတဲ့ သူပဲ ... လောကမှာ ဆရာကောင်း တွေ့ဖို့ရှားသလို တပည့်ကောင်းတွေ့ဖို့လည်းရှားတာပဲ .. အနာဂါတ်ရဲ့မျိုးဆက်သစ် ဆိုတာ နောင်တချိန်မှာ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမှာပဲ .... နောက်လှိုင်းလုံး အတွက် ရှေ့ကလှိုင်းလုံးက နေရာဖယ်ပေးရမှာပဲ .. ငါတို့ဝူတန်လည်း ထက်မြက်တဲ့ မျိုးဆက်သစ်တွေမွေးထုတ်ဖို့ အချိန်တန်ပြီ ... တဖြည်းဖြည်းနဲ့ အချိန်တွေ ကုန်လာပြီ သူများတွေ ရှေ့ဆက်နေတဲ့ အချိန်မှာ ငါတို့ဝူတန်လည်း တန့်နေလို့ မရဘူး''
ဝါဆန်းဂိုဏ်းချုပ်ကလည်း သူ့ တပည့်နှစ်ယောက်အတွက် ဂုဏ်ယူနေဟန် ရှိသော်လည်း .. ပါးစပ်ကတော့
'' တယ်လည်း ရိုင်းတဲ့ ကလေးနှစ်ယောက်ပါလား ဟိုမှာ ၀ူတန်ဂိုဏ်းချုပ်ကြီးနဲ့ သူရဲကောင်းဇရပ်ပိုင်ရှင်သခင်ကြီးယွဲ့ကျိုးကို မြင်တာတောင် နူတ်ဆက်ဂါရ၀ မပြုကြဘူး .. ငါမျက်နှာကို ဖျက်နေတာလား .. ဒူးထောက်ပြီး ဂါရ၀ပြု တောင်းပန်လိုက်စမ်း'''
'' ကျွန်တော်တို့ကို ခွင့်လွတ်ပါ ဂိုဏ်းချုပ်ဘဘကြီးနဲ့ သခင်ကြီးယွဲ့ ခင်ဗျား '''
'' ၀ှီး''
'' ဖတ် ..ဖတ်''
''' မဆိုးဘူး ... နှစ်ယောက်လုံးတော်တယ်ဟေ့''
စကားဆုံးသည်နှင့် ကောင်ကလေးနှစ်ယောက်မှာ ဒူးထောက်လျှက် ဂါရ၀ပြုပြီးဖြစ်သည်.. ၀ူတန်ဂိုဏ်းချုပ်ကြီးမှာ ထိုကလေးနှစ်ယောက် ဇရပ်ကြမ်းပြင်နှင့် ဒူး အထိတွင် လက်တစ်ဖက်ယမ်းလိုက်သည် ..
လက်တစ်ဖက်တွင်းမှ အားလှိုင်း နှစ်ခု ခွဲထွက်သွားပြီး ဒူးထောက်မည့် ဟန်ပြုနေသော ချာတိတ် နှစ်ယောက်မှာ ဂျွမ်းပြန်သွားကြ၏..
သို့သော်လည်း ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည်နှင့်အညီ ပြန်အကျတွင် ကိုယ်ဖော့ပညာကို အသုံးပြုပြီး လှပစွာပင်ဝေ့၀ဲ ကျလာကြသည်..
သူရဲကောင်းဇရပ်ပိုင်ရှင်ကလည်း .... ကလေးနှစ်ယောက်၏ ပညာကို နူတ်မှ ချူးကျူးမိသည်အထိပင်...
ဝူတန်ဂိုဏ်းချုပ်ကြီးက
''' အခုမှ ကလေးသာသာ ရှိသေးတဲ့ အရွယ်လေးပဲ .. လောက၀တ်တွေ ဘယ်က နားလည်ပါ့မလဲ .. ခွင့်လွတ်ပါတယ် ကွယ် ... ဒီအရွယ်နဲ့ အခြေခံ ဒီလောက် ကောင်းဖို့မလွယ်ဘူး .. ..ကိုယ်ဖော့ပညာတော့ မြင်တွေ့ရပြီ လူလေးတို့ ဘဘ ကို ဓါးသိုင်း အစွမ်း ပြစမ်းကွဲ့ '''
ဝါဆန်းဂိုဏ်းချုပ်သည် ထိုစကားကြောင့် ၀မ်းသာလုံးဆို့မတတ် ဖြစ်သွားသည်... ဓါးသိုင်းနှင့် ပါတ်သက်လာလျှင် ရှောင်လင်ပင် ၀ူတန်ကို မမီပေ .. .. ကျန်သည့် ဂိုဏ်းအဖွဲ့များဆို ၀ူတန်နှင့်ယှဉ်လျှင် နံ့သာဆီနှင့်အီး မျှ အဆင့်သာလျှင် ရှိကြပေသည်..
ဤသို့ ဓါးသိုင်းတို့၏ အဓိပတိ ၀ူတန်ဂိုဏ်းချုပ်ကြီးက ချာတိတ်အရွယ် ကလေးနှစ်ယောက် ဓါးအစွမ်းကို မြင်လိုသည်ကား အခြားမဟုတ်နိုင် ပညာပေးရန် သက်သက်ဟု ရိပ်မိသွားသောကြောင့် ရိချင်းတစ်ယောက် အူမြူးနေသည် ..ထို့နောက် အပြုံးမျက်နှာဖြင့်
'' ဟေ့ အမြန်သိုင်းကွက်ခင်းလိုက်ကြလေ...''''
ကလေးနှစ်ယောက်ကလည်း သွက်လက်လှပေ၏ ..၀ါဆန်းဂိုဏ်းသားပီပီ ခါးတွင်ချိတ်ထားသော ဓါးကို မြန်ဆန်စွာ ထုတ်ယူပြီး သိုင်းကွက်ခင်းလိုက်ကြသည်... ထို့နောက်...
'''' ၀ှမ်း .. ၀ှမ်း..၀ှမ်း ..'''
'' '' ၀ှစ် ..၀ှစ်... '''
'''ယား ..ယစ်'''
ဓါးနှစ်လက်ကား ဇရပ်ထဲတွင် ၀ဲပျံနေသည့် နှယ်ပင်ရှိသည် .. သန့်စင်သော အထက်လမ်းသိုင်းကွက်များဖြစ်သည့်ပြင် .. အတွင်းအားအခြေခံလည်း ကောင်းသူများမို့ ဓါးချက်တစ်ချက် ထုတ်လိုက်တိုင်း လေခွင်းသံက တစ်ဝှမ်း ၀ှမ်း နဲ့မြည်နေ၏...
အပေးအယူမျှတပုံကလည်း အမိဝမ်းကတည်းက အတူတူ သင်ကြား ထားသည်လားအောင့်မေ့ရသည်...
တစ်ယောက်က အပေါ်ဆိုလျှင် တစ်ယောက်ကအောက် .. တစ်ယောက်က ဘယ်ဆို တစ်ယောက်က ညာ .. နှစ်ဦးတွဲ တိုက်ကွက် အပြင် တစ်ယောက် ပြီးမှ တစ်ယောက် တစ်လှဲ့ စီအ၀င်အထွက် လုပ်ရသော သိုင်းကွက်များ ထို့ပြင် ဂိုဏ်းချုပ်အစဉ်အဆက်ပင် ကျင့်ရန်ခက်လှသည်ဟုငြီးတွားကြကုန်သည့် .. ဖိုမ သိုင်းကွက်ကိုပင် အသုံးပြုသွားနိုင်ကြသည်...
ထိုချာတိတ်နှစ်ယောက်ကို ကြည့်ရင်း သုံးယောက်သား အတွေး တွေး ပုံခြင်းကတော့ မတူညီကြ
ရိချင်းမှာ ဂုဏ်ယူခြင်း ၀မ်းသာခြင်း အစချီသော အတွေးမျိုးဖြစ်ပြီး ..
ဇရပ်ပိုင်ရှင်ကတော့ အံ့အားသင့်ခြင်း ..ချီးကျူးသော အတွေးမျိုးဖြစ်ပြီး. ....
ဝူတန်ဂိုဏ်းချုပ်ကြီးအတွက်မူ ... ၀ိရောဓိ အတွေးမျိုးဖြစ်သည်...
သူ ၀ူတန်ဂိုဏ်းချုပ် ဖြစ်လာသည်မှာ ဆယ့်ငါးနှစ်မျှ ရှိပြီ .. ဂိုဏ်းချုပ်ဖြစ်လာ သည် နှင့် သိုင်းပညာဖက်ကို သိပ်အရေးမလုပ်တော့ဘဲ .. အုပ်ချုပ်ရေး အပိုင်းနှင့် သိုင်းလောက အရေးတို့တွင်သာ ထဲထဲဝင်ဝင် လုပ်တော့၏.. ရံဖန်ရံခါတွင် လေးငါးခြောက်လလောက်မျှ နီးပါး ၀ူတန် တောင်ကိုမျှ ပြန်မရောက် .. သူ၏ ဂိုဏ်းတူညီများကသာ ဂိုဏ်းကိစ္စ အ၀၀ကို အစစအရာရာတာဝန်ယူ ထားကြ ရသည်.... သူ့တွင် လက်ရင်းတပည့်ဟူ၍ တစ်ယောက်မျှပင် မရှိသည်အထိ တာဝန် လစ်ဟင်းခဲ့ရ၏... ထို့ပြင် ၀ူတန်တွင်ရှိသော တပည့်တပမ်းများမှာ အသက်အရွယ် ငယ်သည်မရှိ သက်လတ်ပိုင်းနှင့် သူလို သက်ကြားအိုသာရှိတော့သည်..
ယခု မြင်ရသော မြင်ကွင်းက သူ့အား အမြင်မှန် တစ်ခုကို ပေးလိုက်သလို ပင် ... အကယ်၍ ဒီအတိုင်းသာ ရှေ့ဆက်သွားနေလျှင် ၀ူတန်ဂိုဏ်း၏ ရှေ့ရေးသည် သူကဲ့သို့ပင် အိုမင်းကုန်းကွလာ၍ ဘ၀ဆုံး တော့မည်.. သွေးသစ်လောင်းမှ ဖြစ်တော့ မည် .. လူငယ်လူရွယ်များ ကို မွေးထုတ်ရမည် ဟူသော အတွေးက ခေါင်းထဲသို့ ၀င်ရောက်လာသည်..
သိုင်းသရုပ်ပြခြင်းက ပြီးဆုံးသွားလေပြီ... ဆယ်ကျော်သက် နှစ်ယောက်မှာမူ အနည်းငယ်မျှ မောခြင်းပန်းခြင်းပင် ဖြစ်ဟန်မပေါ် .. ချွေးပင်မစို့ချေ .. ဓါးပညာမှာ အရွယ်နှင့်မမျှအောင်ထူးချွန်ကြသော ကလေးများပင်ဖြစ်၏..
ဝူတန်ဂိုဏ်းချုပ်ကြီးကထိုင်နေရာမှ ထလာပြီး
'' လူလေးတို့ရဲ့ဓါး ဘဘကိုပေးစမ်းကွဲ့'''
ဓါးကို ရိုသေစွာပေးလိုက်သည်.. ဓါးနှစ်လက်စလုံးလက်ထဲရောက်သည်နှင့် တစ်ချက် ဆ လိုက်ရင်း
''' အင်း... ဓါးကလည်း ဓါးကောင်း လူတွေကလည်း လူတော် .. ဆရာကောင်းသမားကောင်းနဲ့လည်းတွေ့ရတော့ လူ့အဖိုးတန်လေးတွေ ဖြစ်ကြတော့မပေါ့ .. ဒါပေမယ့် ပညာဘယ်လောက်ကောင်းကောင်း စိတ်ထားမကောင်း ရင် အလကားပဲကွဲ့ .. ဇရပ်အရှေ့ ခြင်္သေ့ရုပ်မှာရေးထိုးထားတဲ့ စာတမ်း ဟာအလကားမဟုတ်ဘူး လူလေးတို့ရဲ့ .. အစောပိုင်းက လူလေးတို့ သရုပ်ပြသွားတဲ့ ဓါးသိုင်းတွေက ထက်လည်းထက်မြက်ကြပါတယ် ဒါပေမယ့် တစ်ခုတော့ လိုနေသေးတယ်... ပထမဆုံးသုံးသွားတဲ့ အကွက်က တစ်ယောက်က မိုးသောက်နေ၀င် .. တစ်ယောက် က ဒေါင်းမြှီးဖြာ .. ဒီမှာကြည့် .. '''
''' ရွှမ်း... ရွှမ်း'''
လေထုထဲသို့ ဓါးဖြတ်သွားသံကား သံထည်ကြီးတစ်ခုနှင့် ထိခိုက်သွားသလို ပင်ဖြစ်သည်... ၀ဲဘက်လက်သည် မိုးသောက်နေ၀င် အကွက်ဖြစ်ပြီး ညာဘက် ကတော့ ဒေါင်းမြီးဖြာ သိုင်းကွက် ကို အသုံးပြု၏.. ပါးစပ်ကလည်း
'' သေချာကြည့် .. တွေ့လား..''''
'' ဟာ '' ဟူသော အာမိဋိတ်သံသည် ၀ါဆန်းဂိုဏ်းချုပ်၏ ပါးစပ်မှ ထွက်လာသောအသံဖြစ်သည်.. ချာတိတ်နှစ်ယောက်ကလည်း
'' တွေ့ပါတယ် .. ဘဘဂိုဏ်းချုပ်ကြီးခင်ဗျား '''
သူတို့တွေသာတွေ့နေကြသည် .. သူရဲကောင်းဇရပ်ပိုင်ရှင် ယွဲ့ကျိုးနှင့် သူ၏ တပည့်ကျော်ကတော့ မျက်လုံးကို ပြူးပြဲကြည့်သည့်တိုင် ဘာမျှမတွေ့ သိုင်းကွက်များ လေထဲ ပျောက်ကွယ်သွားသည်သာ မြင်လိုက်ရ၏...
''' ဟဲ..ဟဲ..ဟဲ မိတ်ဆွေကြီးထန်ရှီးရယ် ကျုပ်ကတော့ မျက်စိမွဲလို့လား မသိဘူး ဘာဆိုဘာမှ မတွေ့လိုက်ရဘူးဗျ ..ဖြစ်နိုင်ရင် ရှင်းပြစမ်းပါ့... '''
'' ဒီလိုဗျ မိတ်ဆွေကြီးယွဲ့ရ သူတို့သုံးနေတဲ့ .. မိုးသောက်နေ၀င်ဆိုတဲ့ အကွက် က ၀ဲကနေ ယာကို ဆွဲရတဲ့ အကွက် ဖြစ်ပြီး ဒေါင်းမြှီးဖြာဆိုတဲ့ အကွက်က ယာကနေ ၀ဲကို ဆွဲရတဲ့အကွက် .. တစ်ယောက်ထဲဆိုရင် မိုးသောက်နေ၀င်ပဲဖြစ်ဖြစ် ဒေါင်းမြီးဖြာပဲဖြစ်ဖြစ် တကွက် ခြင်းကိုခုခံရလွယ်ပေမယ့် အခုလို နှစ်ယောက်က မတူညီတဲ့ လားရာ အကွက်ကို သုံးလိုက်တော့ ပြိုင်ဘက်မှာ ဘယ်လိုခုခံရမလဲဆိုတာ ဝေခွဲ မရနိုင်တော့ဘူးလေ.. အဲ့အချိန် မှာ ပြိုင်ဘက်က ဘာလုပ်မလဲ .. ၀ဲကို ကာရင် ယာက ဓါးက၀င်လာမယ် ယာကိုကာရင် ဘယ်က၀င်လာမယ်ဆိုတော့ ... '''
''' အနောက် ကိုပဲ ဆုတ်ရမှာပေါ့ '''
''' သေချာလို့လားမိတ်ဆွေကြီးယွဲ့'''
'' သေချာတာပေါ့ဗျာ '''
'' အဲ့ဒါဆို သူတို့ နောက်တိုက်လိုက်တဲ့ အကွက်ကြောင့် ခင်ဗျား ရှုံးမှာပဲ ...သူတို့လိုချင်တာ ဒီဓါးကွက်နဲ့ တိုက်ခိုက်ဖို့မဟုတ်ဘူး ပြိုင်ဘက်ကို နောက်ဆုတ်စေချင်လို့ပါ ... နောက်ထပ်သူတို့သုံးတဲ့ အကွက်က တစ်ယောက်က ၀ါဆန်းရဲ့ နာမည်ကျော် လှိုင်းသုံးဆင့် သိုင်းကွက် .. နောက်တစ်ယောက်က ကောင်းတုံဂိုဏ်းရဲ့ မိချောင်း အမြှီးရိုက် ဆိုတဲ့ ဓါးကွက် ကို ပြန်သစ်ဆန်း ထားတဲ့ သိုင်းကွက်ကို သုံးထားတာဗျ .. ၀ါဆန်းဂိုဏ်းချုပ်ကြီးရဲ့ ပြန်လည်ဆန်းသစ်မှုပေါ့ '''
ဝါဆန်းဂိုဏ်းချုပ်ကြီးသည် ရှက်ကိုးရှက်ကန်းနှင့်ရယ်လိုက်ရင်း ..
''' ဒါက ဒီလိုပါဗျာ အတုခိုးထားတာတော့ မဟုတ်ပါဘူး .. လွန်ခဲ့ တဲ့ ခြောက်နှစ်လောက်က ကောင်းတုံဂိုဏ်း. ချင်းချန်ဂိုဏ်း သိုင်းဖလှယ်ပွဲမှာ ဒီသိုင်းကွက် ကိုမြင်မိတာနဲ့ ပြန်ပြီးမွန်းမံကြည့်မိတာပါဗျာ..သိပ်ပြီးထိရောက်မယ်တော့လည်း မထင်ပါဘူး...''''
''' ထိရောက်တာမှ သိပ်ထိရောက်သပေါ့.. ကောင်းတုံဂိုဏ်းဟာ တခြား သိုင်းဂိုဏ်းက သိုင်းကွက်တွေနဲ့ မတူ ခြားနားချက်က ခန္ဓာကိုယ်အောက်ပိုင်းကို ဦးတည် တိုက်တဲ့ အကွက် တအားများတာပဲ .. အခု ဒီ မိချောင်း အမြှီးရိုက်သိုင်းကွက် ဟာ ကောင်းတုံရဲ့အကောင်းဆုံးအကွက်တွေထဲက မဟုတ်ပေမယ့် ရန်သူ့ခြေထောက် ကိုတိုက်ခိုက်တဲ့နေရာကြတော့ ထိရောက်မှုပိုတယ် .. ကဲ မိတ်ဆွေကြီးယွဲ့ နောက်ကို ခင်ဗျား ခုန်ဆုတ်လိုက်တဲ့ အချိန်မှာ အရှေ့တည့်တည့် ကနေ .. လှိုင်းသုံးဆင့်သိုင်းရဲ့ ပထမတစ်ဆင့် ၀င်လာမယ် ခင်ဗျား ဘာလုပ်မလဲ '''
''' နောက်ဆုတ်နေရင်းဆိုတော့ ဘယ်ညာရှောင်မရလို့ ဓါးနဲ့ ကာမယ်ဗျာ ''
''' ကောင်းပြီ ဒုတိယအဆင့်လှိုင်းပါထပ်ဝင်လာပြီဗျာ ..'''
ခဏမျှ စဉ်းစားလိုက်ပြီး.....
'' ထပ်ကာရမှာပဲ ...''
'' အဲ့အချိန် တစ်ဆက်ထဲမှာ ပဲ မိချောင်းအမြှီးရိုက်သိုင်းနဲ့ ခင်ဗျားခြေ ထောက်အောက်ကို နောက်တစ်ယောက် က၀င်တိုက်မယ်ဗျာ..အခုချိန်ထိ ခင်ဗျား ခြေထောက်က မြေကြီးပေါ်မကျသေးဘူးနော်....'''
'' အင်း ..တော်တော်ကပ်သီးကပ်သပ်နိုင်တဲ့သိုင်းပဲဗျာ.. ဟုတ်ပြီဗျာ လှိုင်းသုံးဆင့်ဓါးသိုင်းကို ရိုက်ထုတ်မယ်.. ပြီးမှ မိချောင်းအမြီးရိုက်ကို ကာမယ် ..''
'''' မိတ်ဆွေကြီး ကလှိုင်းသုံးဆင့်ဓါးသိုင်းရဲ့ အမြန်နှုန်းကို လျော့တွက် ထားတာကိုးဗျ .. ကောင်းပြီ တကယ်လို့ ရိုက်မိတယ်ပဲထားအုံန်း .မိတ်ဆွေကြီးယွဲ့က ဓါးကိုရိုက်လိုက်တဲ့အချိန်မှာ အောက်ကို ဓါးနဲ့ပြန်ဆွဲချဖို့ဆိုရင် ကင်းမြီးကောက် ထောင်မှပဲရမယ် ... နောက်ဆုတ်နေတုန်း မြေကြီးနဲ့ခြေမထိသေးခင် ကင်းမြီးကောက် ထောင်ဖို့တော့... တယ်လွယ်လှမယ်မထင်ဘူး'''
'' ကိုင်းဗျာ ကျုပ်တော့ အရှူံးပေးပါပြီ .. ပထမ အကွက်ပဲအရင်ရှင်းပြ ပါအုံးဗျာ..''
''မိုးသောက်နေ၀င် .. နဲ့ ဒေါင်းမြှီးဖြာ သိုင်းကွက်နဲ့ ညှပ်တိုက်ခံရရင် တဖက်ရန်သူလုပ်ရမယ့်အကွက်က ဓါးကို ရင်ဘတ်မှာ ထားပြီး ရှေ့တည့်တည့် ၀င်တိုး ဖို့ပဲ .. အဲ့ဒါဆို ဒီတစ်ကွက်ထဲနဲ့တင် သူတို့နှစ်ယောက်သိုင်းဟာ လုံးဝပျက်ရုံမကဘူး .. နှစ်ယောက်လုံးအသက်ပါ ပါသွားနိုင်တယ် .. ဒီတစ်ကွက်ထဲနဲ့နော်. အဲ့ဒါကြောင့် ကျုပ်က ဓါးကွက်ကို ဒီလိုပြောင်းလိုက်တယ် .. မိုးသောက်နေ၀င် သိုင်းကွက် အဆုံး သတ်မှာ လက်ယာဘက် တိမ်းနေတဲ့ ဓါးသွားကို မဆိုစလောက်ကလေး ၀ဲဘက်ကို ပြန်ယူလိုက်တယ် ရှင်းရှင်းပြောရရင် တဖက်လူ ၀င်လာမယ့် အပေါက်ကို ပြန်ဖာတာ ပေါ့ဗျာ.. ဒီလိုပဲ ဒေါင်းမြှီးဖြာ အကွက်ကိုလည်း ယာဘက်ကို ပြန်ယူလိုက်တယ် .. အဲ့အချိန်မှာ အယူအဆလေးတော့ ညီရမယ်ဗျို့ ... နည်းနည်းလေးလွဲတာနဲ့ သူတို့ နောက်ထပ်အကွက် ပြန်စတဲ့အချိန်မှာ .. အနည်းငယ် တုံ့သွားတော့မှာ .. သိတဲ့အတိုင်း မျက်စိတမှိတ်အမှား ရဲ့ အဆုံးမှာ ဆုံးရှုံးရတာ အသက်ပါ ဆိုတဲ့ ကဗျာ ကို ...အခုလဲ အဲ့လို ဖြစ်သွားမှာပဲ... မိတ်ဆွေကြီးက သေသေချာချာ မကြည့်မိလို့ ပါ''

အစ၏အဆုံး အဆုံး၏အစ Donde viven las historias. Descúbrelo ahora