အပိုင်း(၁၀+၁၁)

854 90 0
                                    

#10  ( အစ၏အဆုံး ..အဆုံး၏အစ )

     သွေးဘီလူးသည် သူ၏အင်္ကျီလက်ကြားမှ ရွှေရောင်အပ်သုံးချောင်းကို ထုတ်လိုက်သည် ... လေးလက်မခန့်ရှည်သော ထိုအပ်ဖြင့် သူ၏ လည်ဂုတ်နှင့်ပုခုံးအစပ်ကြားထဲသို့ တစ်ဖက်တစ်ချောင်းစီထိုးစိုက်လိုက်၏....
ကျန်တစ်ချောင်းကိုမူ နောက်စိနေရာသို့ထိုးလိုက်ပြန်သည်...
          '''' အား... အား....'''''
        မည်မျှနာကျင်သွားသည်တော့မသိ သွေးဘီလူးသည် မျက်ရည်များပင် ထွက်ကျလာပြီး အရူးတစ်ယောက်ပမာ မိုးပေါ်သို့မော့ကာ ကျယ်လောင်အက်ကွဲ စွာ အော်ဟစ်လိုက်သည်....
       ထို့နောက်အင်္ကျီကြားထဲက ကြွေဗူးတစ်ဗူးကို ထုတ်ကာ ထိုထဲမှ အနီရောင်ဆေးလုံးတစ်လုံးကိုယူ၍ သောက်လိုက်ပြန်၏...
        သွေးဘီလူး၏ မျက်စိနှစ်လုံးသည် ကြောင်မျက်လုံးပမာ တစ်ဖိတ်ဖိတ် တောက်ပလာပြီး မျက်နှာပြင်တစ်ခုလုံးမှာနီရဲဖောင်းကားလာသည်...
      ဘုန်းကြီးရွှီကြွင်းကတော့ သွေးဘီလူး၏ ထူးခြားသော အပြုအမူကို မည်သို့မျှ ဖြစ်ပုံမပေါ် အသာအယာပင် ရပ်ကာကြည့်နေ၏...
      '''''ယား'''''
      ''ဖောင်း .'''
     ''  ဟေး'''
     '''ဖတ်..ဖတ်..ဖတ်'''
     ကျုံးဝါးသံနှင့်အတူ သွေးဘီလူးထံမှ တိုက်စစ်ဆင်လာလေပြီ... သူ၏ နာကျင်မူဆွ ဆဌမအာရုံ အတွင်းအားက ရှိရင်းစွဲ အတွင်းအားထက် လေးဆ တိတိ တိုးတက်လာခြင်းကြောင့် လွန်စွာ အရှိန်အဟုန်ပြင်းလှ၏ ... ထို့ပြင် သူတတ်မြောက် ထားသမျှ သိုင်းကွက်တို့ကို လျှပ်ပျက်သည့်နှယ် တမျိုးပြီးတမျိုးထုတ်သုံးတော့သည် .. တောင်ပင်လယ်စွန်ကုတ်လက်သိုင်းနှင့် ဘုန်းကြီး၏ ဦးခေါင်းကို ကုတ် ဆွဲလိုက် သည်.. အချိုးအကွေ့ ဆယ့်နှစ်ခုပါသော ထိုစွန်ကုတ် လက်သိုင်းအား ဘုန်းကြီး က
ရှောင်လင်၏ အခြေခံသိုင်းကွက်ဖြင့်ပင် ခုခံလိုက်ပြန်သည် .. လိုဟန့်နတ်လက်သီး ဟူသော သိုင်းကွက်သည် ရိုးစင်းလှသော လက်သီးထိုးကွက် ဆယ့်ရှစ်မျိုး သာဖြစ်သည် .... ရှောင်လင်တွင် သိုင်းပညာသင်ကြားသူမှန်သမျှ မသင်မဖြစ်ရသော ပညာရပ်ဖြစ်သည့် ထိုလိုဟန့်နတ်လက်သီးသိုင်းသည် အမှန်စစ်စစ်တော့ လက်သီးထိုးချက်မှန်ကန် စေရန်သာ သင်ကြားရသော အကွက်ဖြစ်ပြီး တိုက်ခိုက်ရန် အသုံးပြုရန် အတွက်တော့ မဟုတ်ပါ...
             သွေးဘီလူးသည် စွန်ကုတ်လက်သိုင်းကြားမှ ဖောက်ထွက်လာပြီး သူ၏ရင်ဝသို့ထိလုထိခင် ကလူကျီစယ်လာသော လို့ဟန်နတ်လက်သီးကြောင့် အသည်းနှလုံးတစ်ခုလုံး ပေါက်ကွဲလုမတတ် ဒေါသထွက်သွားတော့၏ .. ဒေါသ၏ အဆုံးက အမိုက်အမှောင်တည်း ...
                  အခြေခံဆယ်ရှစ်ကွက် လို့ဟန်လက်သီးအား သွေးဘီလူးသည် အပူလက်ချောင်းတောက်ပညာဖြင့် တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည် .. သွေးဘီလူး၏ အပူလက်ချောင်းတောက်ပညာ .. သွေးနီလက်ဝါး ... အစရှိသော သိုင်းကွက်များ ကို ထုတ်သုံးသည့်တိုင် ဘုန်းကြီး၏ ဆယ့်ရှစ်ကွက် ကို မဖြိုဖျက်နိုင်ပေ .. .. ထို လက်သီး သိုင်းကွက်ကိုပင် အပြန်ပြန် အလှန်လှန်သုံး၍ တိုက်ခိုက်နေသောဘုန်းကြီးအား သွေးဘီလူး တိုက်ခိုက်နေသည်မှာ အကွက်ပေါင်း ငါးရာခန့်ပင်ရှိလာပြီ... .. ညလည်း တဖြည်းဖြည်း နက်လာချေပြီလေ....
         မေ့မျောနေသော သိုင်းသမားများပင်သတိပြန်လည်လာကြပြီ...   အားကွေ့တစ်ယောက် သူ၏ ရှူဆေးဘူးဖြင့် အဆိပ်ဒါဏ်ခံရသူများအား တစ်ယောက်
ပြီးတစ်ယောက်  လိုက်လံ ဖြေပေးနေခြင်းကြောင့် သတိပြန်ရလာခြင်းပင်..
           စိတ်ဓါတ်ကျခြင်း ဟူသည်မှာ မျှော်လင့်ချက် ကုန်ဆုံးခြင်း ဟု အဓိပ္ပါယ်ရ ခဲ့မည်ဆိုလျှင် သွေးဘီလူးသည် စိတ်ဓါတ်ကျနေပြီဟု ယူဆရပေမည်...
သူ့ဘ၀တွင် တိုက်ပွဲပေါင်းအလီလီ တိုက်ခိုက်ခဲ့ဖူးပါသည် ... ရှုံးပွဲ နိုင်ပွဲပေါင်းများစွာ ကြုံခဲ့ရသည် .. .. .. သိုင်းကွက်ပေါင်းများစွာ ကို အချိန်ပေးလေ့ကျင့် ခဲ့သည် .. အတွင်းအား တိုးတက်လာစေရန် ဖြတ်လမ်းနည်းနှင့် လေ့ကျင့်ခဲ့သည် .. .. မိမိကိုယ် မိမိ ပြိုင်ဘက်ကင်းဟု မဆိုသာသော်လည်း မည်သူ့ကိုမျှ ဗိုလ်မထားသည် က အမှန်ပင် ... ၀ါဆန်းဂိုဏ်းချုပ်ရိချင်း  .. သိုင်းလောကထိပ်သီးဝင် .. ခုတ်နဂါး ယဲ့ယွင်.. ဆယ်မျက်နှာခြေဆန့်သူ ယွဲ့ပိုင် တို့သုံးဦးပေါင်း တိုက်ခိုက်သည်ကိုပင် အနိုင်ရလုနီးပါး တိုက်ခဲ့သည်မဟုတ်လား... သူသိုင်းလောကတွင် ကျင်လည် ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီမို့ ထူးခြားဆန်းပြားသော သိုင်းကွက်ပေါင်း မြောက်များစွာ နှင့် ရင်ဆိုင်ခဲ့ဖူးပါ၏.. .. ဥပမာ ယနေ့ညတွင်ပင် .. ..ရိချင်း၏  ဖိုမ ဓါးကွက် .. ခုတ်နဂါး ယဲ့ယွင်၏ ဒွိဟ အမေးပုစ္ဆာ .. ယွဲ့ပိုင်၏ မုန်တိုင်းအောက်က ခရုအို အစရှိသော သိုင်းများသည် ထူးခြားဆန်းပြားသလောက် ထိလည်းထိရောက် ခဲ့ပါ၏... သို့သော် သူ့အတွက်တော့မှုစရာမဟုတ်ပေ...
            ယခု ဘာမဟုတ်သည့် အခြေခံလက်သီးထိုးဟန် ဆယ့်ရှစ်ကွက်ကိုမှ မထိုးဖောက်နိုင်သည့်  အတွက် သူ၏ သိုင်းပညာသည် မည်သည့်အဆင့်အတန်းနည်း .. သိုင်းလောကတွင် မည်သည့်နာမည်နှင့် ဆက်လက်ရပ်တည်ရမည်နည်း...
          '''.အော့..........ဝေါ့'''
           တွေးရင်းတွေးရင်းနှင့် ရင်ထဲမှ ပျို့တက်လာပြီး တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကာ .. .. လမ်းဘေးတွင် ထိုးကာ အန်ချလိုက်သည်.. ဘုန်းကြီးရွှီကြွင်း ကလည်း ဆက်လက်တိုက်ခိုက်ခြင်း မပြုပေ...အမှန်တော့ သွေးဘီလူး၏ စိတ်ဓါတ် ပြိုပျက်သွားခြင်းသာ ....
             စိတ်ကြိုက်လက်ကြိုက်အန်ချလိုက်ပြီးမှ..
            '''' ဟား...ဟား...ဟား...ဟား.. ကောင်းပြီ ဘုန်းကြီး အခုထိအသက်အရွယ် အထိ ကျုပ်စိတ်တိုင်းကျ အရာရာကို လုပ်ခဲ့ပြီးပြီ ..ဒီအချိန်မှ သေမယ် ဆိုရင်လည်း ၀မ်းနည်းစရာ မရှိတော့ဘူး .. ဒါပေမယ့် ကျုပ်ကို အလွယ်တကူနိုင်မယ်တော့ မထင် နဲ့ '''
              ''' ဂွပ်...ဂွပ်...''
             ဘုန်းကြီးမှ တပါး ကျန်သူများ အံ့သြောစရာ အဖြစ်အပျက်တစ်ခု ကို သွေးဘီလူးက လုပ်လိုက်ပြန်၏.. ယင်းမှာ သူ၏ ငယ်ထိပ်သွေးကြောနေရာသို့ လက်ဝါးဖြင့် နှစ်ချက်ရိုက်ချလိုက်ခြင်းဖြစ်သည်.. .. .. သွေးဘီလူးသည် မိမိ ကိုယ်ကို သတ်သေခြင်းပင်လော... မဟုတ်ပါ .. အမှောင်ကိုယ်တော်၏ ဆဌမအာရုံ အတွင်းအားသိုင်းတွင် သူသေကိုယ်သေအတွင်းအားပညာ တစ်မျိုးပါရှိသည်..
          ခေါင်းတွင် နကျယ်ကောင် အကိုက်ခံနေ၍ နာကျင်နေသော မြွေသည် လည်းဘီးအောက်ကို ခေါင်းထိုး ကာ နကျယ်ကောင်အား သေစေသကဲ့သို့ ...မိမိ ကိုယ်လည်း ပျက်စေရာ၏... ဟူသည့် နကျယ်ကောင်နှင့် မြွေပုံပြင်ထဲကလို ..
သိုင်းပညာပင်တည်း...
         ငယ်ထိပ်သွေးကြောမကြီးသည် ချီဟူသော အတွင်းအားများကို ထိန်းချုပ် ရာ နေရာဌာန ဖြစ်သည် .. ထိုသွေးကြောပျက်စီးသွားလျှင် တစ်ကိုယ်လုံးရှိ အတွင်းအားများကို မထိန်းနိုင်တော့ပဲ ဒွါရကိုးပေါက်လုံး သွေးများယိုထွက်ကာ သေပွဲ ၀င်ရမည်ပင်..
          သို့သော် ထိုသွေးကြောမကြီးအား အချိန်အဆ တိကျစွာ ရိုက်ဆွနိုးနိုင်မည် ဆိုလျှင် တစ်ခါရိုက်ချနိုင်လျှင် ဆယ်နှစ်မျှ ညီသော အတွင်းအားကို တဒင်္ဂ ရရှိနိုင်သည် .. အကယ်၍အချိန်အဆ မှားခဲ့မည်ဆိုလျှင်တော့ .... သေပွဲဝင်ရမည်သာ...
            ယခုဆိုလျှင်  သွေးဘီလူးသည် ... ... အချိန်အဆ မှန်မည်လား ...
သေရမည်လား ... အနှစ်နှစ်ဆယ်စာ အတွင်းအားများလား...
             ............  ........... ......... ..........

အစ၏အဆုံး အဆုံး၏အစ Donde viven las historias. Descúbrelo ahora