အပိုင်း(၈၈)c

369 49 0
                                    

#88C (First Post) ( အစ၏အဆုံး ..အဆုံး၏အစ )
   
          ''ဆွမ်းချက်ဘုန်းကြီးနဲ့ သူ့တူခွေးမသား ရှု့ယီ.. ဒင်းတို့နှစ်ကောင် ဒီရောက်နေကြတာကိုး.. ငါနဲ့တွေ့ပြီပေါ့ သိုင်းကျမ်းသူခိုးတွေရယ်..''

          လပေါင်းများစွာ ပျောက်ဆုံးနေသော သိုင်းကျမ်းသူခိုး လူယုတ်မာ ဆရာတပည့်နှစ်ယောက်ကို မြင်လိုက်ရသည့်အတွက် အားကွေ့မှာ ဖော်မပြတတ်အောင် ၀မ်းသာသွား၏..

           စတွေ့လျှင်တွေ့ခြင်း ထိုဆရာတပည့်နှစ်ယောက်အား ပြေးဝင်ဆုံးမချင်စိတ် များတဖွားဖွားပေါ်လာသော်လည်း သူ၏ပင်ကိုယ်အသိစိတ်ကြောင့် ဆန္ဒကို အတင်းချိုးနှိမ့်ထားရသည်.. စိတ်လွတ်ကိုယ်လွတ်နှင့် မစဉ်းစားမဆင်ချင်ဘဲ လုပ်သည်မှာ အားကွေ့၏ ပင်ကိုယ်စရိုက်မဟုတ်ပြီလေ...

             ထို့ကြောင့် ခုန်ထွက်ချင်နေသော ခြေထောက်တို့ကို အသာအနားပေးရင်း အခြေအနေကို သုံးသပ်ကြည့်နေမိသည်..

             တိုက်ပွဲနှစ်ပွဲလုံးမှာ မယုံနိုင်လောက်အောင် ပြင်းထန်လွန်လှ၏.. အားကွေ့မှာ အဖွဲ့လိုက်တိုက်ပွဲဖြစ်သော လူမဲကြီးများနှင့် သိုင်းသမားများ တိုက်ခိုက်နေပုံကို အသေးစိတ်ကြည့်လိုက်သည်..

             ''အင်း.. လူမဲကြီးတွေက ပင်ကိုယ်ဓါးလှံ ပြီးပုံရတယ်.. ဒါကို ဓါးလှံတိုးမပေါက်တဲ့ သားရေချပ်ကြီးကာထားတော့ တဖက်သိုင်းသမားတွေ လုံးဝလုပ်လို့ မရတာကိုး... လူမဲကြီးတွေရဲ့ အားနည်းချက်က နားထင်နေရာဆိုတာ မသိတာ သိုင်းသမားတွေ တပမ်းရှုံးတာပဲ.. ''

              စိတ်ထဲတွင် ရေရွတ်ရင်း သိုင်းသမားများကို တစ်ယောက်ချင်းကြည့်မိရာ

            ''အလို ..ရင်ဘတ်မှာအစိမ်းအနီစပ် မက်မုန်သီးပုံနဲ့ အ၀ါရောင်ဝတ်စုံဝတ်ပြီး ငါးမန်းလွှဓါးကို ကိုင်ထားတာ ယွဲ့ရုံဂိုဏ်းချုပ်ကြီးဖြစ်မယ်.. သိုင်းကွက်တွေက ရက်ရက်စက်စက်ကောင်းလွန်းတယ်.. နောက် အနီရောင်သံမဏိအလံကိုင်ပြီး တိုက်နေတာ သိုင်းထိပ်သီးဆယ်ယောက်ထဲက အဆိပ်စက်ဝန်း မိသားစုဝင် အိုးယန်ကျောက် သူ့ရဲ့အဆိပ်သဲမှုန်တွေက လူမဲကြီးတွေကို အိပ်ပျော်သွားအောင် မစွမ်းဆောင်နိုင်ဘူးဟ..အမယ် မရဏသံကွင်းဆက် မိသားစုခြောက်ယောက်ကလည်း  ကျော်ကြားသလောက် ထက်မြက်သားပဲ... လက်နက်ပုန်းအမျိုးမျိုးပစ်ပြီး လူမဲကြီးတွေ ရှုပ်ထွေးသွားအောင်လုပ်နေတာက .. သိုင်းထိပ်သီးဆယ်ယောက်ဝင် အမကြီးထန်ထန်းဖြစ်မယ်ထင်တယ်.. သေရေးရှင်ရေးတောင် သူ့မျက်နှာဖုံးကို မချွတ်ဘူး.. သူနဲ့အတူတူတွဲတိုက်နေတဲ့ ကောင်က လူချောပဲဟ.. ဒီကောင့် ၀ူတန်ဓါးကွက်တွေက ငါမြင်ဖူးသမျှဓါးသိုင်းထဲမှာ အထက်ြမက်ဆုံးပဲ.. တကယ်တော်တယ် .. သူ့ဓါးကွက်တွေကို ငါမြင်ဖူးပါတယ်.. ဟုတ်ပြီ ဟုတ်ပြီ... ၀ူတန်တောင်ခြေမှာ အစွယ်နှစ်ချောင်းဖျံ ဝေ့၀ူချောင်ကို အနိုင်ပိုင်းသွားတဲ့ ရသေ့အို သုံးသွားတဲ့ဓါးကွက်တွေ..ဒါဆို ဒီကောင်က အခုလပိုင်းတွေမှာ နာမည်ကျော်လာတဲ့ အဖြူရောင်သစ္စာဓါးသမားပေါ့.. သူ့ကိုဝိုင်းရံပေးနေတဲ့ ရုပ်ဆိုးဆိုးရသေ့ငါးပါးက ၀ူတန်ဓါးငါးဖော်ဖြစ်မယ်.. အတွင်းအားနည်းနည်းလိုနေတာကလွဲလို့ ရသေ့တွေလည်း မဆိုးသေးဘူး.. ကျောဘုနဲ့ အဘိုးကြီးကတော့ သူတော့အဖွဲ့ထဲမှာ သိုင်းစွမ်းအကောင်းဆုံး .. ဦးကြီးကျောက်ကျူးထင်ထက်တောင်ပိုသာမယ်ထင်ရဲ့.. သြော် သာမှာပေါ့ ..ကုလားအုတ်ဖြူဂိုဏ်းချုပ်ကြီးကိုး... လှံသုံးလက်နဲ့ အသေအကြေ တိုက်နေတာကတော့ သိုင်းထိပ်သီးဆယ်ယောက်ဝင် စိန့်ရှော်ထင်းထင်တာပဲ.. နောက်ဆုံးတစ်ယောက် ဘယ်သူပါလိမ့် .. အသက်ကတော့ ငါနဲ့မတိမ်းမယိမ်းပဲ ..ဒီကောင်လည်း လူရည်သန့်ပဲ အတွင်းအားသိပ်မကောင်းပေမယ့် သိုင်းကွက်ကရှုပ်ထွေးပြီး အလှည့်အပြောင်းများသား.. ''

အစ၏အဆုံး အဆုံး၏အစ Where stories live. Discover now