မိုးစက်မိုးပေါက်ငယ်များသည် ခပ်ဖွဲဖွဲ ကျဆင်းနေသည်။ မြို့လယ်နေရာရှိ စကျင်ကျောက်ဖြူခင်းထားသော ကြမ်းခင်းသည် မိုးရေစက်များ၏ သန့်စင်ပေးမှုကြောင့် လက်လက်တောက်ပြောင်နေသည်။ ထောင့်မှန်စတုဂံပုံ ထို ကြမ်းခင်းကျယ်ကြီးကို ဗဟိုပြုကာ ဘေးပတ်လည်တွင် အုပ်ချုပ်ရေးရုံးဌာနများ၊ ဘဏ်၊ ဆိုင်ခန်း စသည့် အဆောက်အဦးများပတ်ချာလည် တည်ဆောက်ထားသည်။ ရောမလူမျိုးများအတွက် အဓိက ကိုးကွယ်ပူဇော်ဆုတောင်းကြသည့် ဂျိုးဗေ (Giove)၊ ဂျူနိုးနေ (Giunone)၊ မီးနေးဗရာ (Minevra) နတ်သုံးပါးအတွက် ရည်ရွယ်တည်ဆောက်ထားသည့် နတ်ဘုရားကျောင်းသည် အချက်အချာအကျဆုံး ထိပ်နေရာတွင် ရှိသည်။ အဆောက်အဦးများရှေ့ ပတ်ချာလည်ဆက်သွယ်ထားသော လူလျှောက်လမ်းများသည် အဖိုးတန်ကျောက်တိုင်လုံးများ၊ ကြေးရုပ်တု၊ ကျောက်ရုပ်တုများဖြင့် တန်ဆာဆင်ထားသည်။
အုပ်ချုပ်ရေးဆိုင်ရာ မှတ်တမ်းအချက်အလက်များ သိမ်းဆည်းထားရှိရာ အဆောက်အဦးအတွင်းမှ ထွက်လာသည့် လုလိယက်စ်သည် တစ်စုံတစ်ရာကို မကျေနပ်သလို မျက်နှာတည်နေသည်။ သူ့နောက်တွင် အစေခံဝန်ထမ်းတစ်ယောက်သည် စာရွက်လိပ်တစ်ထပ်ကြီးကိုပိုက်ရင်း ရိုကျိုးစွာ လိုက်ပါလာသည်။ အစေခံဝန်ထမ်းသည် မည်းနက်သော အသားအရေ၊ ဆံပင်မရှိသော ခေါင်းပြောင်ပြောင်နှင့်ဖြစ်သည်။ လုလိယက်စ် ပုံပေမြို့သို့ ရောက်ရှိလာကတည်းက အတွေးရေးမှူးသဖွယ် ကူညီလုပ်ကိုင်ပေးနေသော အင်ပါယာပိုင် ကျွန်ဝန်ထမ်းတစ်ယောက်ဖြစ်သည်။
အစိုးရ၀န်ထမ်းတဖြစ်လည်း အင်ပါယာပိုင် ၀န်ထမ်းအစေခံများ နေရာတိုင်းတွင်ရှိသည်။ အုပ်ချုပ်ရေးငှာနများတွင်သာမက ပြည်သူပိုင် ရေချိုးဆောင်၊ ကစားကွင်းများတွင်ပါ တာဝန်ထမ်းဆောင်ကြသည်ပဲဖြစ်သည်။ တရားရုံးအဆောက်အဦးနားသို့အရောက်တွင် အစေခံဝန်ထမ်းကို သယ်ဆောင်လာသော မှတ်တမ်းစာလိပ်များကို မိမိအိမ်သို့ ပို့ပေးထားရန် လုလိယက်စ် အမိန့်ပေးလိုက်သည်။ အစေခံကျွန်သည် လုလိယက်စ်၏ အမိန့်အဆုံးမှာ ခေါင်းငုံ့အရိုအသေပြုရင်း ထွက်ခွာသွားခဲ့သည်။ လုလိယက်စ်သည် မိမိရှေ့မှာ ရှိနေသော မြင်ကွင်းများကို ကျေနပ်မှုတစ်ချို့၊ စိတ်ပျက်မှုတစ်ချို့နှင့် လှမ်းကြည့်ဖြစ်သည်။ ရွှေရောင်ရောနေသော မျက်ခုံးကွေးကွေးမှာ မသိမသာ ကွေးညွှတ်နေသည်။
YOU ARE READING
ထာ၀ရ ပုံပေ