"ဟဲ့..နင် ရောမကို အရှင်နဲ့ လိုက်သွားမယ်ဆို။"
ဘေးနားမှ အစေခံမလေးနော်ရာ၏ အမေးကို ဖဲလ်လစ်မဖြေ။ မကြားသလိုလုပ်ရင်း ဧည့်ခန်းဆောင်ရှိ ကြေးရုပ်တုကို ဆီစွတ်ထားသောအဝတ်စဖြင့် ဆက်တိုက်နေသည်။ ဂရိပြည်မှ သယ်ဆောင်လာခဲ့သည့် စစ်သားပုံကြေးရုပ်တုသည် ရွှေသားဖြင့် ထုလုပ်ထားသည့်အလား ပြောင်လက်တောက်ပနေသည်။ တကယ်ဆို နော်ရာသည်လည်း ကြမ်းပြင်မှ ကျောက်ပန်းချီပုံဖော်ထားသည်ကို ဆေးကြောရမည့်တာဝန်ရှိသည်။ ဒါပေမဲ့ သူမသည် အလုပ်ကို စိတ်မဝင်စားဘဲ ဖဲလ်လစ်ရှိရာသို့သာ အာရုံရောက်နေသည်။
"နင် မလိုက်ဘဲ နေခဲ့ပါလား။ နင့်အစား ငါလိုက်သွားမလို့။"
ဒီတစ်ခါတော့ ဖဲလ်လစ် နော်ရာ့ကိုလှည့်ကြည့်ကာ စိတ်ဝင်စားဟန်ပါ ရှိလာသောကြောင့် နော်ရာဝမ်းသာသွားသည်။
"တကယ်ပြောတာ။ ဟို အပင်လေ..ဘာအပင်လဲ။ အဲဒါကို အရေပြားမှာထိရင် ရောင်လာတတ်တယ် ဆိုတာလေ။ အဲဒီ့အပင်ကို ဒူးမှာသုတ်ပြီး ခြေထောက်နာနေတယ်လုပ်ပေါ့ဟ။ အဲဒါဆို အရှင် နင့်ကိုခေါ်သွားတော့မှာ မဟုတ်ဘူး။"
နော်ရာပြောနေသည့် အပင်အကြောင်းကို ဖဲလ်လစ် ကောင်းကောင်းသိတယ်။ Tapsia ဟုခေါ်သည်။ အရေပြားကိုယားယံစေပြီး အနီရောင်အစက်အပြောက်များ ဖြစ်လာစေသည်။ ထို့အပြင် အပင်နှင့် ထိတွေ့မိသည့်နေရာမှာ ရောင်လာပြီး ဖောင်းကြွလာစေသည်။ ဉာဏ်များလွန်းသည့် ကောင်မလေးတစ်ယောက်ပင်။
"နင် မလုပ်ရင် ငါက တခြားဟာနဲ့ နင်မလိုက်နိုင်အောင် လုပ်ရမှာပဲ။ ဟဲ ဟဲ"
ခါးသက်သက်ရယ်နေသော နော်ရာကြောင့် ဖဲလ်လစ် မျက်လုံးနည်းနည်းပြူးသွားသည်။ နော်ရာသည် ယုံကြည်ရသူမဟုတ်။
"နင် ဘာတွေကြံနေတာလဲ နော်ရာ.."
"ဟဲ ဟဲ။ နင် ငါ့ကိုကျေးဇူးတောင် တင်သွားမှာပါ။ အရှင့်နားမှာ နေရတိုင်း စိတ်မသက်သာသလို နင် မျက်နှာမည်းနေတယ် မဟုတ်လား။ နောက်ဆိုရင် နင် အရှင့်နား သွားစရာမလိုတော့ဘူး။"
နော်ရာသည် ဝတ်ရုံ၏ ရင်ဘတ်နေရာကြားမှ တစ်စုံတစ်ရာကို ထုတ်ပြကာ ဖျတ်ခနဲ ပြန်သိမ်းသွားသည်။ ရှည်မြောမြောပုံစံ ခဲဗူးငယ်လေးဖြစ်သည်။ ဖဲလ်လစ် လန့်သွားသည်။ ထိုအရာဝတ္ထုသည် အောက်လမ်းနည်းတွေ၊ ကျိန်စာတိုက်တာတွေနှင့် သက်ဆိုင်ပြီး အမျိုးသမီးများ ယုံကြည်ပြုလုပ်တတ်ကြသည်။ အမျိုးသမီးအချို့သည် မိမိတို့လင်ယောက်ျားများအား အသက်သေအောင်၊ အနာတရဖြစ်အောင် မှော်ပညာတတ်မြောက်သည့် အောက်လမ်းပညာရှင်စုန်းမများထံသွားကာ ပြုစားဖို့ ကြိုးစားတတ်ကြသည်။
YOU ARE READING
ထာ၀ရ ပုံပေ