ပုံပေမြို့ကြီးနှင့် မြို့သူမြို့သား အားလုံးနီးပါးအတွက် နောက်ဆုံးနေ့တစ်နေ့ ဖြစ်လာလိမ့်မည်ဆိုသည်ကို မည်သူမျှ မသိထားကြ။
ရောင်နီသန်းလာသော ကောင်းကင်ယံကြောင့် ပုံပေမြို့ကြီး၏ အလှသည် ကဗျာဖွဲ့လို့ မရနိုင်အောင် စာဖွဲ့လို့မမီနိုင်အောင် လှပနေပါသည်။ ရောင်နီသွေးကြွနေသော အုတ်ကြွပ်ခေါင်မိုးများ၊ အပြာရောင်လဲ့လဲ့တောက်လာနေသော ပင်လယ်ပြင်နှင့် လှိုင်းဖြူငယ်များ၊ ရောင်စုံအ၀တ်အစားများနှင့် လှုပ်ရှားသွားလာနေသော မြို့သူ၊ မြို့သားများ၊ လမ်းမများပေါ်တွင် ဆော့ကစားနေသော ကလေးငယ်များ အရာရာသည် သာမာန်နေ့တစ်နေ့လို လှုပ်ရှားသက်ဝင်နေသည်။
မြို့သူမြို့သားများသည် ပျော်ရွှင်ချမ်းမြေ့နေသည်တော့မဟုတ်ပါ။ အဆက်မပြတ် လှုပ်ရှားနေသော မြေငလျင်များကြောင့် အားလုံး ခြောက်ခြားနေကြရသည်။ နတ်ဘုရားကျောင်းငယ်များတွင် နတ်ဘုရားများ၏ ဒေါသနှင့်အမျက်ကို ပြေလိုပြေကြောင်း ဆုတောင်းသံတွေ ညံနေသည်။
လုလိယက်စ်သည် အလုပ်ခန်းအတွင်းမှာပင် ညလုံးပေါက် ရှိနေခဲ့သည်။ ကျွန်များ၏ အကူအညီဖြင့် အခန်းတွင်းမှ အရေးကြီးစာရွက်လိပ်များ၊ မှတ်တမ်းများကို လက်ဆွဲသေတ္တာငယ်များအတွင်း ထည့်ပြောင်းနေခြင်းဖြစ်သည်။ ငလျင်ဒဏ်ကြောင့် တစ်ညလုံး မည်သူမျှ အနားယူအိပ်စက်နိုင်ခြင်း မရှိခဲ့။ နောက်ဆုံးအကြိမ် ပြင်းထန်သည့် ငလျင်လှုပ်အပြီးမှာတော့ အလုပ်ခန်းအတွင်းမှ အရေးကြီးမှတ်တမ်းများကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့သိမ်းဆည်းထားရန် လုလိယက်စ် ဆုံးဖြတ်ခဲ့သည်။
အဘိုးအို အဲလ်ဇီယိုမှာ မနက်စာအတွက် လုလိယက်စ်ကို ခေါ်ချင်သော်လည်း စကားမဟရဲ။ အခန်းပေါက်ဝနားတွင် မယောင်မလည်ရပ်ကာ မိမိ၏ အရှင်ဖြစ်သူကိုသာ စိတ်ပူသလို မကြာခဏလှမ်းကြည့်ဖြစ်သည်။
လုလိယက်စ်၏ ရွှေရောင်ဆံပင်လိပ်များသည် ဖြီးသင်ထားခြင်းမရှိ။ အစီအစဉ်မရှိ လွင့်ပျံနေသော ငှက်တောင်ပံများနှယ်။ ဖြောင့်စင်းသောနှာတံအောက်မှ နှုတ်ခမ်းများသည် တစ်စုံတစ်ရာကို ပွင့်ထွက်သွားမည်ကို စိုးရိမ်သည့်အလား တင်းတင်းစေ့ပိတ်ထားသည်။ အရေးကြီးအစီရင်ခံစာကို ရေးသားနေသော လက်ချောင်းများကြားမှ အဆက်မပြတ် လှုပ်ရှားနေသော ကြေးတံချွန်သည် ရပ်တန့်သွားသည်။
YOU ARE READING
ထာ၀ရ ပုံပေ