"အန်နီရာ (Ennia)"
လုလိယက်စ် တိုးတိုးပြောရင်း ပြုံးသည်။ ငိုချင်သလို မဲ့သွားသောအပြုံးသည် မြင်ရက်စရာမရှိ။
"သူ့နာမည်က အန်နီရာတဲ့ ဖဲလ်လစ်.."
ဂရုတစိုက် ထိန်းသိမ်းထားသဖြင့် ကြေးမှန်နောက်မှာ ပုံဖော်ထားသော အမျိုးသမီး၏ ဆံပင်လိပ်ခွေများသည် ရွှေရောင်လိုပင် တလက်လက်တောက်ပနေသည်။ အဖိုးတန်လက်ဝတ်ရတနာများ ဆင်ယင်ထားသော သူမတူအောင် ချောမောလှပလွန်းသော မိန်းမပျိုလေးသည် ပန်းဥယျာဉ်၏ ကျောက်ခုံတန်းပေါ်တွင် ထိုင်နေဟန် ထုဆစ်ထားသည်။ သေးသွယ်သော ခါးလေးနှင့် ဝင်းမို့သော တင်ပါးများမှာ အထင်းသား။ ကျောပေးထိုင်နေရာမှ နောက်ပြန်လှည့်ကြည့်ရင်း ပြုံးပြနေပုံလေး ဖြစ်သည်။ ဖောင်းကြွနေသော နှုတ်ခမ်းများနှင့် နှာတံစင်းစင်းလေးသည် ဖဲလ်လစ် မမှတ်မိစရာမရှိ။
သူမကို ပထမဆုံးအကြိမ် တွေ့ခဲ့ရစဉ်က အချစ်နတ်ဘုရားမ ဗီးနစ်နတ်သမီးလေးများလားဟု ဖဲလ်လစ် တွေးခဲ့ဖူးသည်။ ရွှေရောင်လက်နေသော နီညိုရောင်ဆံပင်လိပ်ရှည်များသည် သွယ်သော မျက်နှာထက်မှာ ကပိုကရို ဝဲကျနေပုံကို ပြန်လည်မြင်ယောင်လာတော့ လည်ချောင်းတစ်လျှောက် ဖိညှစ်ခံထားရသလို နာကျင်လာသည်။
"ဖဲလ်လစ်.."
ညင်သာချိုမြသော သူမ၏ခေါ်သံကို ပြန်လည်ကြားယောင်လာတော့ ယောင်ယမ်းပြီး မျက်လုံးကို ပိတ်မိသွားသည်။ သူမ၏အလှနှင့် သူမ၏ဘဝသည် ကြာရှည်မခံခဲ့။ ချစ်စရာစိတ်ထားကောင်းပြီး စိတ်နှလုံးဖြူစင်သော သူမသည် နတ်ဘုရားများ၏ စောင်မကြည့်ရှုခြင်းကို မရရှိခဲ့သည်မှာ မတရားပါ။
"အမျိုးသမီးကောင်းတစ်ယောက်အနေနဲ့ တို့ရဲ့နောက်ဆုံးအချိန်မှာ တို့အတွေးကို ကြီးစိုးထားသူဟာ တို့ရဲ့အိမ်ထောင်ရှင်အမျိုးသား ဖြစ်သင့်တယ် မဟုတ်ဘူးလား။"
ထိုစကားများကို ပြောနေခဲ့စဉ်က သူမသည် ကြွေတော့မည့် ရော်ရွက်ဝါလေးတစ်ခုလို။
အမြဲ ပန်းနုရောင်သန်းနေတတ်သော နှုတ်ခမ်းပါးများသည် ဖြူဖွေးဖျော့တော့နေသည်။ ခေါင်းအုံးထက်မှာ ဝေ့ဝဲကျနေသော ဆံပင်လိပ်များကြားမှ သူမ၏ မျက်နှာလေးသည် မြင်ရက်စရာမရှိအောင် ချောင်ကျနေသည်။ အညိုရောင် မျက်လုံးများသည် တောက်ပမှုမရှိ။ ရောဂါဝေဒနာသည် ရက်ပိုင်းအတွင်းမှာပင် သူမအလှကို ယူပစ်လိုက်သလို ဖယ်ရှားသွားနိုင်ခဲ့သည်။
YOU ARE READING
ထာ၀ရ ပုံပေ