ဧည့်ခန်းဆောင်ကြီး၏ ထောင့်တစ်နေရာရှိ နတ်ဘုရားစင်ငယ်ရှေ့တွင် လုလိယက်စ်သည် မတ်တတ်ရပ်နေသည်။ နတ်ဘုရားစင်တွင် အမွှေးနံ့သာတိုင်များ ထွန်းညှိပူဇော်ထားသည်။ ရောမလူမျိုးများ ကိုးကွယ်ကြသော အဓိကနတ်ဘုရားများနှင့် ဆုံးပါးသွားခဲ့ပြီးဖြစ်သော ဘိုးဘွားများကို ပူဇော်ပသခြင်းအမှုကို မနက်မိုးလင်းတိုင်း ပြုမူနေကြထုံးစံအတိုင်း ဆုတောင်း ပူဇော်နေခြင်း ဖြစ်သည်။ သေလွန်ခဲ့ပြီးဖြစ်သော ဘိုးဘွားများသည် နတ်မင်းများအဖြစ် မိသားစုနှင့် အိမ်ရာအပေါ် စောင်မကြည့်ရှုပေးကြလိမ့်မည်ဟု သူတို့အားလုံး ယုံကြည်ထားကြသည်။
လုလိယက်စ်သည် ဆုတောင်းခြင်းကို အဆုံးသတ်ကာ ဧည့်ခန်းဆောင်ရှိရာ လျှောက်လာခဲ့သည်။ ဧည့်ခန်းဆောင်ကြီး၏ အလယ်ရှိ ကျောက်ရေကန်ဘေးနားမှ နောက်မှီမပါသော ထိုင်ခုံနောက်တွင် ဖဲလ်လစ်သည် အဆင်သင့်စောင့်ကြိုနေသည်။
"အရှင်..ကျွန်တော် လုပ်ပေးမယ်လေ။"
"ရတယ် အဘ။ ဖဲလ်လစ်ရှိတယ်။"
လုလိယက်စ်သည် အဘိုးအို အဲလ်ဇီယိုကို ဖြေကြားရင်း ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ မနက်ခင်းအတွက် ပြင်ဆင်မှုများထဲတွင် မုတ်ဆိတ်ရိတ်ခြင်းသည်လည်း ပါဝင်သည်။ ရောမအမျိုးသားများအတွက် မိမိကိုယ်ကို အမြဲ သန့်ပြန့်စင်ကြယ်နေအောင် ဂရုတစိုက် ပြုမူတတ်ကြသည်။ ရွှေရောင်ရောသော နီညိုရောင် ခပ်ပါးပါး မုတ်ဆိတ်မွှေးများသည် ပါးပြင်တစ်ဝက်ကို နေရာယူထားသည်။ အမြင်မရိုင်းပေမယ့် လုလိယက်စ်သည် မုတ်ဆိတ်ရှည် ထားလေ့မရှိ။
ဖဲလ်လစ်သည် လုလိယက်စ်၏ ပါးပြင်ကို ငွေသားရေဇလုံထဲမှ ရေများနှင့် စွတ်လိုက်သည်။ ရေနှင့် လခြမ်းပုံဓါးမောက်ငယ်သည် မုတ်ဆိတ်ရိတ်ရန်အတွက် လိုအပ်သောအရာများဖြစ်သည်။ ဓါးမောက်ငယ်နှင့် လုလိယက်စ်၏ ပါးပြင်ထက်တွင် ခြစ်ကာ လည်ပင်းတစ်လျှောက် ဆင်းလာလျှင် အဘိုးအိုမှာ ထိုင်ရခက်၊ ထရခက်နှင့် အနေရကြပ်နေတတ်သည်။ ဖဲလ်လစ်ကို ယခုအချိန်အထိ အကြွင်းမဲ့မယုံနိုင်သေး။ ဒီကောင်လေး၏လက်ထဲတွင် လုလိယက်စ်၏ အသက်ကို ဝကွက်အပ်ထားသလို ဖြစ်နေတာကို မြင်ရတိုင်း ခံရခက်နေတတ်သည်။
YOU ARE READING
ထာ၀ရ ပုံပေ