"ကျွန်တော် မသွားချင်ဘူး အဘ။"
"ဘာ.."
ကြားလိုက်ရသောစကားကို အဲလ်ဇီယို မယုံနိုင်။ သူ့ရှေ့မှ ဖဲလ်လစ်ကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေမိသည်။ ဒီကောင်လေး ဦးနှောက်ပျက်သွားပြီလားမသိ။ အရှင်လုလိယက်စ်ဆီ သွားခွင့်ရသည့် အခွင့်အရေးကို မသွားချင်ပါဟု ပြောနေသည်။
သူကလေ..
ကျွန်တစ်ယောက်က သခင်တစ်ယောက်၏ ဆင့်ခေါ်မှုကို ငြင်းနေသည်တဲ့လား..
နားရှိလို့သာ ကြားရသည်။ နောက်ပြီး အားရီးယူးစ်ဆီ သွားဖို့ပြောတုန်းက မျက်နှာတစ်ချက်မပျက်သည့် ဖဲလ်လစ်သည် လုလိယက်စ် ဆင့်ခေါ်သည်ဆိုတော့ ငုတ်တုတ်ထိုင်ငိုတော့မလို မျက်နှာအပျက်ကြီး ပျက်နေသည်။
"ကြံပါဦး အဘရာ။ ကျွန်တော် တကယ် မသွားချင်လို့ပါ။"
"မင်း အရူးလားကွ။ ခွေးလေးရ။"
အဘိုးအို စိတ်မရှည်နိုင်တော့။ လက်ထဲမှ အဝတ်ထုပ်ဖြင့် ဖဲလ်လစ်ခေါင်းကို လှမ်းထုတော့သည်။ ဒီအဝတ်အစားတွေကို သူ အပြေးအလွှားသွားဝယ်ခိုင်းထားရတာဖြစ်သည်။ ဖဲလ်လစ်ကို လုလိယက်စ်ထံသို့ စုတ်ပြတ်သော ကျွန်အဝတ်အစားများနှင့် မလွှတ်ချင်။ လုလိယက်စ်၏မျက်စိထဲတွင် မြင်နေကျထက် အဆပေါင်းများစွာ ပို ကြည့်ကောင်းနေစေချင်သည်။ သူက အဖက်ဖက်က ထောင့်စုံအောင် တွေးနေပေမယ့် အခု ဒီကောင်လေးက မသွားချင်ဘူး လုပ်နေသည်။ သူ့နေရာမှာ နော်ရာသာဆိုလျှင် ပျော်လွန်းကာ မူးမေ့လဲသွားနိုင်စေသည်ဆိုတာကို မသိဘူးလားမသိ။
"မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ ဖဲလ်လစ်။ သွား။ အခုသွားပြီး ပြင်ဆင်။ ငါ သတ်မိတော့မယ်။"
အဘိုးအိုမှာ တကယ်ပင် ဒေါသထွက်နေခြင်းဖြစ်သည်။ တစ်ခါမှ ဒီလောက် ဒေါသမဖြစ်ဖူးပါ။ ခြေထောက်နှင့်ပါ ဖဲလ်လစ်၏ ကျောကို လှမ်းကန်သည်အထိ။ ဒါတောင် ဖဲလ်လစ်သည် တုတ်တုတ်မလှုပ်။ ငုတ်တုတ်ထိုင်ရင်း ခေါင်းကို ငုံ့ထားသည်။
"တော်..ဖြည်းဖြည်းလုပ်စမ်းပါ။ အရှင့်ဆီ မရောက်ခင် အသက်ထွက်သွားဦးမယ်။"
YOU ARE READING
ထာ၀ရ ပုံပေ