"သေခြင်းတရားကို အလိုရှိချိန်၌ သေခြင်းတရားအား မရရှိပါစေနှင့်..."
ကျိန်စာတခု ဟု ကြားဖူးသည်.
ကံကြမ္မာဒေဝါ အမျက်တော်ရှလေအောင် ဆူး အပြစ်တစုံတရာ ပြုဖူးလေသလား?
သေခြင်းတရားအား လိုအပ်ကာ သေရန်အဆင်သင့်ပင် ဖြစ်နေသော်လည်း ကိုယ့်တွင် သေဆုံးရန် အခွင့်ကမရှိ.
ချောမွေ့မည်မှ မကြံသေးသော ဆူး၏ ဘဝသစ်တခုကို ဆူးဘဝနှင့်ချီကာ ရွံ့ကြောက်မုန်းတီးရသူက ခြေမွဖျက်ဆီးခဲ့သည်.
မသတီလှသော အမျိုးသားအသုံးတော်ခံဘဝက လွတ်မြောက်ပြီဟုမှ အပြည့်အဝ မမှတ်ယူရသေး ဆူးဘဝက တဖန် ညစ်ထေးခဲ့သည်.
မုန်တိုင်းတွေ၏ အလွန်တွင် လေပြည်လေညင်းတွေ ရှိတတ်ပါသတဲ့.
မည်သို့သော ပညာရှိက ဆိုခဲ့လေမှန်း ဆူး မသိပေမယ့် ထိုဆိုရိုးသည် ဆူးအတွက်တော့ မမှန်ကန်ခဲ့.
လေပြေလေညင်းဟု ဆိုနိုင်သောအရာများ ဆူးအတွက်မရှိခဲ့.
မုန်တိုင်းများ၏ အလွန်တွင် မုန်တိုင်းများသာ ထပ်ခါထပ်ခါ ရှိခဲ့ပါသည်.
ဤသို့သော အဖြစ်ဆိုးများကို ဆူး မည်သို့ အဆုံးသတ်ရမည်နည်း.
မထွတ်မြတ်သော ဘဝတွင် နုံချာသောအဖြစ်များနှင့်သာ နှစ်ပါးသွားဇာတ်လမ်းဆက်နေရသည့် ကိုယ့်ဘဝကို နာကြဉ်းမုန်းတီးပေမယ့် ကိုကိုသည်ဟူသော တွယ်ရာကြိုးငယ်က ရှိနေတော့ ဘဝကို လက်လွတ်စပယ် အဆုံးမသတ်ရဲ.
သို့သော်လည်းပဲ မုန်းတီးရသူ ကြောက်ရွံ့ရသူ မသတီရသူ၏ အငွေ့အသက်တို့ အပြည့်အဝ ဖုံးလွှမ်းနေသော ဒီနေရာ ဒီဋ္ဌာန၌မူ မည်သို့သော အကြောင်းပြချက်နှင့်မှ ဆူး အသက်မဆက်နိုင်.
မည်သို့သော နည်းလမ်းကို သုံးရသည် ဖြစ်စေ ထိုနည်းလမ်းကို သုံးကာ ဤရပ်ဋ္ဌာနမှ သေချာပေါက်ကို ထွက်ခွာမည်.
စစ်စခန်းဟူသည် လာလမ်းတွင်သာ ကိုယ့်စိတ်ကိုယ့်သဘော စီမံနိုင်ပေမယ့် ပြန်လမ်းကိုမူ ကိုယ်မပိုင်သည့် သဘောရှိသည့်အရပ်ပေမို့ အလွယ်တကူ ထွက်ခွာခွင့်မရနိုင်မှန်း ဆူး သိသည်.
အထူးသဖြင့် လက်ရှိအခြေအနေမျိုးတွင် အသာတကြည် ထွက်ခွာခွင့် ဆိုသည်မှာ အသေအချာပင် မဖြစ်နိုင်သည့်အနေအထားပေ.
ယုတ်မာတတ်သောထိုသူသည် ဆူးအား သိမ်းပိုက်သောအမှုကို
နောက်ထပ်သာ ပြုခဲ့လျှင် ဆူး မည်သို့ပြုအံ့နည်း.
ကိုယ့်ကိုကိုယ် ကာကွယ်လျှင်ရော ဘယ်အချိန်ထိမျှ လုံခြုံ နိုင်အံ့နည်း.
သူကကော ဆူး သည် ကျေးကျွန်ဘဝမှ လာခဲ့သူတယောက်ဖြစ်သည်ကို မဖော်ထုတ်ဘဲ မည်သည့်အထိထိ ဖုံးကွယ်ပေးမည်နည်း.
သို့တည်းမဟုတ်
အလျှင်းဖုံးကွယ်ထားခြင်း မရှိဘဲ စစ်စခန်းတွင် ဆူး သည် ကျေးကျွန်တယောက်ဖြစ်သည်ကို စစ်သည်များအကြား ကြေငြာဖော်ထုတ်ခဲ့လျှင်ရော.
VOUS LISEZ
အချစ်ဖြင့် လောင်ကျွမ်းကြသူများ(Z + U)
Fanfictionအချစ်သည် သင့်ထံတွင် စတင်၍ သင့်ထံ၌သာ အဆုံးသတ်သည်
