Chenဆိုသော လူသားလေးနှင့်အတူနေသည်မှာ ခြောက်လပင်ကြာမြင့်ခဲ့လေပြီ။ အနေကြာလာသည်နှင့်အမျှ သံယောဇဉ်ကလည်း တွယ်သထက်တွယ်သည်။ Chenဆိုသော ထိုကလေးကို အရာရှိParkမခွဲခွာနိုင်တော့ပါ။
ထိုကလေးသည် တွေ့ခါစက ခြေဖျားအထိရှည်သော ဆံပင်ကြီးနှင့်။ ဆံပင်များက သန့်ရှင်းသော်ငြား မဖြီးတာကြောင့်ရှုပ်ပွလို့နေသည်။ ထို့ကြောင့် အရာရှိParkသည် Chenဆံပင်တို့ကိုဖြတ်ပေးတော့ ထိုကလေးက ခါးအထိအရှည်ထက်ပို၍ ပေးမဖြတ်။ ထို ဓားရှည်ကြီးကို သူကြောက်သည်ဟုဆိုလာပြန်သည်။ ထို့ကြောင့် အရာရှိParkသည် သစ်သားဘီးတစ်ချောင်းလုပ်ပေးကာ ထိုဘီးနှင့် Chenဆံပင်တို့ကို နေ့တိုင်းဖြီးပေးကာ စည်းနှောင်ပေးလေသည်။ ထို့ပြင် စာပေမတတ်သော Chenလေးအား အရာရှိParkစာသင်ပေးလေသည်။ စာလေးမတောက်တခေါက်တတ်သည်နှင့် ထိုကလေးက အရာရှိParkပါလာသော စာအုပ်များကို လှန်ကာ စာလုံးတွေပေါင်းဖတ်ပြီး အပျော်ကြီးပျော်နေတတ်သေးသည်။
တစ်နေ့-
တောတွင်းတစ်နေရာရှိ ရေတံခွန်တစ်ခုတွင် Chenနှင့်အတူ ထိုင်နေစဉ် အရာရှိParkတွေးမိလေသည်။
..... သူ့ကို အမှန်တရားတွေကို ပြောပြလိုက်သင့်လား....
"Chen.."
အရာရှိParkခေါ်လိုက်တော့ ထိုကောင်လေးက ကျောက်တုံးတစ်ခုပေါ်ထိုင်နေရင်း ရေတံခွန်ကိုငေးနေရာမှလှည့်ကြည့်လာလေသည်။
"ငါမင်းကိုပြောစရာရှိတယ်။ တကယ်တော့ငါက ခရီးသွားတစ်ယောက်မဟုတ်ဘူး။ မင်းမှုထမ်းတစ်ယောက်။ ပြီးတော့ ငါ့နာမည်က Park Chanyeol... Han Byeolမဟုတ်ဘူး။ မင်းကိုမလိမ်သင့်ဘူးထင်လို့ပါ။"
အရာရှိParkစကားကိုကြားလိုက်ရပေမယ့် Chenအံ့ဩပုံမပေါ်ဘဲ ပြုံးကာ ပြန်ပြောလာလေသည်။
"ကျွန်တော်အကုန်သိပြီးသားပါဗျာ။ ခင်ဗျားဒီကိုလာရတဲ့အကြောင်းကိုလည်း သိပြီးသား။ ကျွန်တော်မသိနိုင်တာ အနာဂတ်တစ်ခုပဲရှိတယ်။"
ထိုကောင်လေးစကားကြောင့် အရာရှိParkပြုံးလိုက်မိလေသည်။
"မင်းက တကယ်ထူးဆန်းတဲ့ကောင်လေးပဲ။"