<zawgyi>
နှေးကွေးစွာ ထွက်ခွာနေသည့် ကားပေါ်တွင် စိတ်မချနိုင်၍ နောက်ပြန်လှည့်ငေးနေသည့် Jimin…။
“အစ်ကိုရေ… ပြန်လှည့်လိုက်တော့”
“ဗျာ”
“ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်ပေးပါ”
မလှမ်းမကမ်းကကားကို တစ်စက်ကလေးမှ သတိမမူမိတဲ့ Dolly ကတော့ သူမ ဖိနပ်နှင့် သူမ တိုင်ပတ်နေ၏။
မသိရင် ခြေထောက်ယားလို့များ မရမက ကုတ်နေသလားဟု အထင်မှားလောက်စရာ…။ ခြေထောက်တစ်ဖက်ကို လက်နှင့်ထိကိုင်နေသဖြင့် တစ်ချောင်းထဲထောက်ထားရသော ခြေထောက်မှာ အောက်က ဒေါက်မြင့်ကြောင့် အခြေမခိုင်… ယိုင်တိုင်ယိုင်တိုင်နှင့် ယိမ်းထိုးနေ၏။
သူမ ဘာလုပ်နေသည်ကို Jimin လေ့လာနေတုန်းမှာတင်ပဲ ဝတ်ထားတဲ့ ဂါဝန်လေးမှအားမနာ မြေပြင်ပေါ်တွင် အားရပါးရပစ်ထိုင်ချလိုက်သော သူမ…။
Jimin အခုမှ သဘောပေါက်တော့သည်။ သူမက ဖိနပ်ချွတ်ဖို့ ကြိုးစားနေတာကိုး…။
ထိုစဉ် သိုင်းကြိုးပြုတ်သွားသည်နှင့် ငွေရောင်ဖိနပ်လေးများအား ဒေါသတကြီး ကန်ထုတ်ပစ်လိုက်သည့်သူမ...။
ခြေဗလာဖြစ်သွားသည်နှင့် တရွတ်တိုက်နေသော ဂါဝန်စကို အားရပါးရဆွဲမလိုက်သည်က သူမ၏ ခြေချင်းဝတ်တွင် လက်ခနဲဖြစ်သွားသော အရာလေးမှစပြီး ခြေတံသွယ်သွယ်လုံးလုံးလေးတွေ ပေါ်လာသည်အထိ…။
အချုပ်အနှောင်များ လွတ်သွားမှ သူမက သဘောတွေကျပြီး တဟားဟားရယ်၏။ သူမ ရယ်ပုံကိုကြည့်ရတာ နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်ပေမယ့် ဒီအပြုအမူလေးကို ချစ်စရာကောင်းတယ်လို့ မြင်နေတဲ့ Jimin ကတော့ အလိုလိုလိုက်ရယ်မိသည်။
“Aish… ဒီကလေးမလေးကတော့... စိတ်မချချင်အောင် လုပ်နေပြီ”
Jimin ကားပေါ်မှဆင်းကာ ခြေ စလှမ်းနေပြီဖြစ်သော သူမ၏ အနောက်မှ အနည်းငယ်ခွာ၍ အသာလေး လိုက်သွားသည်။
သူလိုက်လာတယ်ဆိုတာ သူမ မသိရင်ပြီးပြီမလား…။ သူမ အိမ်ထဲ ရောက်သွားတာကိုတော့ သူ့မျက်လုံးနဲ့ သေချာကြည့်ရမည်လေ…။