<zawgyi>
အခန်းနံရံအား မှီထိုင်ရင်း အူတိုစိတ်တို့ ရင်ဝယ်အပြည့်နှင့် Taehyung… မျက်စိရှေ့မှ အချစ်ငှက်နှစ်ကောင်အား တတ်နိုင်လျှင် လေးခွနဲ့ပင် ထပစ်လိုက်ချင်စမ်းပါဘိ…။
မျက်စိစပါးမွှေးစူးလှပြီမို့ မပြုံးမရယ်နိုင်သောမျက်နှာဖြင့် ပေါက်ထွက်မတတ်စိုက်ကြည့်ရင်း ဦးနှောက်ကို အလုပ်ပေးကာ နှောင့်ယှက်ရန်နည်းလမ်းကို ကြံဖန်နေ၏။
Jimin နှင့် Dolly ကို သူ့မျက်စိအောက်တွင် ထားနိုင်ဖို့အတွက် ကြောက်စရာကောင်းလောက်အောင် ပျံ့နှံ့လွယ်သည့် သတင်းမီဒီယာအား အဆမတန်ချဲ့ကားပြောဆို၍ Jimin ကို အယုံသွင်းနိုင်ခဲ့ပေမယ့် အခုပုံစံကြီးက တစ်ခုခုတော့ လွဲနေသလိုလို…။
သူဖြစ်စေချင်ခဲ့တာက မျက်စိခုနှစ်စုံရဲ့ အကြည့်အောက်မှာ မလွတ်မလပ်နဲ့ ရှိန်ပြီးငြိမ်ကုပ်နေမယ့် Jimin…။ သို့သော် မျက်စိရှေ့နေ့စဉ် ကြုံတွေ့နေရသည်က ကိုယ်ပိုင်အိမ်မှာ မိသားစုနဲ့အတူရှိနေသလောက် သက်တောင့်သက်သာ အဖြစ်လွန်နေတဲ့ Jimin…။
ကိုယ့်အတတ်ကိုယ်စူးပြီး နောက်ဆုံး ငြိမ်နေရတဲ့လူက Jimin မဟုတ်ဘဲ သူဖြစ်နေရပြီ…။ ဘာတွေလုပ်နေလဲဆိုတာကို ခရေစေ့တွင်းကျ မြင်နေရတာက စိတ်ချရပေမယ့် ခံစားရတာတော့ ကောင်းမနေပြန်ဘူး…။
ကြည့်မနေနိုင်တော့တဲ့အဆုံး စသလိုနောက်သလို ဖိနပ်တစ်ဖက်ကို အားနဲ့လွှင့်ပစ်လိုက်ပေမယ့် မဖြုံသွားတဲ့ အချစ်ငှက်ကြီး Jimin ကြောင့် သွေးတက်သွားရသူမှာ သူကိုယ်တိုင်သာ…။
ဘာလုပ်ရင်ကောင်းမယ် စဉ်းစားရင်း လက်ထဲတွင် ကျန်နေသည့် ဖိနပ်တစ်ဖက်အား ကိုင်ကာ ငြိမ်သက်နေစဉ်…“V Hyung! ဟိုကို အဲ့ဖိနပ်နဲ့ ပစ်ထည့်လိုက်စမ်းပါ!”
Jungkook ကြောင့် လမ်းစပွင့်သွားတဲ့ Taehyung က အချိန်မဆိုင်းဘဲ Jimin ရှိရာ တည့်တည့်ချိန်၏။
“Jimin ssi… အထဲပဲ သွားလိုက်ပါတော့နော်… ကြည့်မရတော့ဘူး”
“ဝှစ်…”
Jungkook အသံနှင့် တစ်ဆက်တည်းမှာပဲ Jimin နားရွက်သွားသို့ ဖြတ်ပျံသွားသည့် သူ့ဖိနပ်…။
**ဘုန်း**
အရှိန်သတ်သွားတဲ့ Jimin က ဖိနပ်ကျသွားရာသို့ လှမ်းကြည့်ပြီးနောက် သူ့ဘက်ကို လှည့်ကြည့်တော့ ကျောက်ရုပ်သဖွယ် အတောင့်သားအတိုင်း သွားဖြီးပြလိုက်၏။ တမင်ကြီးကို တည့်တည့်ကြီးပစ်ထည့်လိုက်တာ အားတော့နာပေမယ့် အားလည်းမနာပါဘူး…။
“ငါဘယ်နှစ်ခါပြောရမှာလဲ Taehyung ssi! ကလေးလည်း မဟုတ်ဘူး…။ ဖိနပ်ဆိုတာ စီးဖို့ပါနော် ဆော့ဖို့မဟုတ်ပါဘူးနော်”
ဖိနပ်ကောက်ပြီး ဖခင်တစ်ယောက်ရဲ့လေသံမျိုးနှင့် ပွစိပွစိလုပ်ရင်း သူ့ဆီလှမ်းလာတော့ Taehyung က နှုတ်ခမ်းအား လျှာထုတ်သပ်ပြီး အသံအေးအေးဖြင့် ရယ်၏။
“အာဟာ့ဟာ့ဟား”
“Aish! Kim Taehyung… မင်းတော့လား… သေပြီသာမှတ်”
နှစ်ယောက်သား ချစ်စနိုးဖြင့် လုံးထွေးသတ်ပုတ်နေကြသည့်မြင်ကွင်းကို ရိုက်ကူးရန် ပြိုင်တူ ဖုန်းကောက်ထုတ်မိလိုက်ကြသည့် Jungkook နှင့် Hoseok တို့သည်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်ကြပြန်တော့ ကျန်တဲ့လူတွေလည်း မရယ်ဘဲ ဘယ်နေနိုင်ကြလိမ့်မလဲ…။ ရယ်စရာမရှိရင်တောင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရယ်နေကြတဲ့ မန်ဘာတွေကြား Dolly မှာလည်း တစ်နေ့တစ်နေ့ ပါးစပ်စိမနေရဘူး…။
Dolly အနား ပြန်ရောက်လာသည့်တိုင် ရယ်ကြောသိပ် မပြတ်ချင်သေးသည့် Jimin မှာ ရယ်ထားတာမျက်နှာကြီးတစ်ခုလုံးတောင် နီရဲနေရောပဲ…။
**Rrr… Rrr… Rrr…**
ကြမ်းပြင်ပေါ်ပစ်ထားသော ဖုန်းထံမှ တုန်ခါသံကြောင့် နှစ်ယောက်သားအကြည့်တို့ ဖုန်းဆီရောက်သွားတော့ Tr. Ahn ဆိုတဲ့ နာမည်က ဖုန်းမျက်နှာပြင်မှာ အထင်းသား…။
“ဆရာပဲ! Oppa ရေ… Dolly ခဏ အပြင်ထွက်ပြောလိုက်ဦးမယ်နော်”
လှည့်ထွက်လိုက်သည်နှင့် သူမလက်အား ဖမ်းဆွဲလိုက်တဲ့ Jimin မျက်နှာက ခုနကနှင့်မတူ… ရုတ်တရက် တည်ငြိမ်သွား၏။
“ဆရာက ဒီအချိန်မှ ဘာကိစ္စလဲ?”
“အယ်?! သိဘူးလေ”
သူငယ်ချင်းတွေပြောစကားအရ ဆရာဆိုသည့်လူကို ဘဝင်မကျပေမယ့် ကြောင်စီစီလေးကြည့်ကာ ပြန်ဖြေလာတဲ့ Dolly ကြောင့် Jimin ဘာမှ ဆက်မရစ်ဖြစ်တော့…။ ဆရာ့ဘက်က မရိုးသားရင်တောင် သူ့ချစ်သူလေးက ရိပ်မိမယ့်ပုံမှ မဟုတ်တာ…။
လက်ကိုပြန်လွှတ်ပေး၍သာ ခေါင်းအား ခပ်ဖွဖွလေး ပုတ်ပေးလိုက်သည်။
“အင်းပါ… သွားဖြေလိုက်ဦး”