<zawgyi>
Jimin ၏လက်ထိပ်လေးနှင့် မိန်းကလေး၏လက်ထိပ် ထိမိသွားသည်နှင့် သူမ ပျော်ရွှင်စွာ သတိလစ်မတတ် ခုန်ပေါက်နေသည်မှာ အသံတောင် မထွက်နိုင်ရှာ…။ ဒါက အားအင်မဲ့နေသော Jimin ကို အသိပြန်ဝင်လာစေရန် အားပေးလိုက်သလို ဖြစ်သွား၏။
‘ဟုတ်တယ် PARK JIMIN ခုချိန်မှာ မင်းချစ်သူက မင်းမျက်စိရှေ့က ARMY တွေပဲ! မင်းက BTS ရဲ့ Jimin အနေနဲ့ ဒီနေရာမှာ ရပ်နေတာ… ကိုယ်ရေးကိုယ်တာတွေ ဘေးဖယ်လိုက်စမ်း’
ကိုယ့်ကိုယ်ကို သတိပေးနေချိန် စိတ်ထဲမှာလည်း Hoseok အမြင်မှားခဲ့သည်ဆိုသည့် အမှန်တရားကို လက်ခံရမည့်အချိန်ဆိုတာ သဘောပေါက်လိုက်၏။
မဖြစ်နိုင်မှန်းသိလျက်နဲ့ပဲ အကယ်၍များဆိုတဲ့ မျှော်လင့်ချက်လေးကို ရာခိုင်နှုန်းနည်းနည်းလေးပင် ဖြစ်လင့်ကစား မရမက ဖက်တွယ်ချင်မိခဲ့သည့်အတွက် အတတ်နိုင်ဆုံးလည်း ကြိုးစားကြည့်ခဲ့ပြီးပြီမို့ ထိုအသုံးမဝင်တဲ့ မျှော်လင့်ချက်ကို လက်လွှတ်မှရမည့် အချိန်ရောက်လေပြီ။အရင်က ‘လောကမှာ မဖြစ်နိုင်တာ မရှိဘူး’ ဆိုတဲ့ ယုံကြည်ချက်တွေဟာ သူမနဲ့ မတွေ့ရသည့်နောက် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီလား။
သူမြင်ချင်သည့် မျက်နှာလေးကို မတွေ့လိုက်ရ၍ စိတ်ထဲမှာအလိုလို ဝမ်းနည်းမိပေမယ့်…
‘တော်သင့်ပြီ Park Jimin… မင်းအခု စင်ပေါ်မှာနော်’
ဟု နောက်တစ်ကြိမ်သတိပေးလိုက်ရင်း စင်အောက်ရောက်မှ နောင်တမရ ရလေအောင် ခံစားချက်များအားလုံးကို ပြန်ရုတ်သိမ်း၍ ဆွဲဆောင်မှုရှိသည့် ဟန်ဆောင်အပြုံးတုတစ်ခု ပန်ဆင်ကာ အရင်လို အကောင်းဆုံး ကပြ ဖျော်ဖြေပါတော့သည်။
💜L💜B💜L💜
လူအုပ်ကြားထဲ တိုးကာဝှေ့ကာ ပြန်ရောက်လာသော Dolly လက်အား အနားမရောက်ခင် ကတည်းက ဖမ်းဆွဲလိုက်သော June…။
“ဟဲ့… Dolly… Dolly… Dolly !!!”
“ဘာ… ဘာလဲ?”
“ခုနကလေ… ခုန…”
ပြောမယ့်စကား ဆက်ဖို့အရေး ခုန်ပေါက်လိုက် Dolly အား တစ်ဘုန်းဘုန်းရိုက်လိုက်ဖြင့် ဂဏှာမငြိမ်ဖြစ်နေသော June… Dolly လက်ဖျောက်သံကြားလိုက်မှ အသိစိတ်ကပ်ပြီး ဖြစ်ပျက်ခဲ့သမျှကို အားတက်သရောပြောပြလေ၏။
