<zawgyi>Jimin ဆီက Dolly စောပြန်လာဖြစ်တဲ့ နေ့လေးတစ်နေ့…။
Bighit မှ စောစောပြန်ထွက်လာခဲ့ပေမယ့် အိမ်ကို တန်းပြန်ဖို့တော့ စိတ်ကူးမရှိခဲ့…။
အရာအားလုံးရဲ့အဝေးမှာ တစ်ယောက်တည်း နေချင်နေသည့် နေ့တစ်နေ့ဆို မမှားဘူး…။ ဒါပေမယ့် သွားစရာနေရာဆိုလို့လည်း သူမ သိတာ အိမ်နားရှိ ပန်းခြံလေးကလွဲပြီး တခြားနေရာ မရှိပြန်…။
မနက်ခင်းပိုင်းကလွဲပြီး လူမရှိတတ်တဲ့ အိမ်ရာဝန်းထဲက ပန်းခြံလေးကလည်း တစ်ယောက်တည်းနေချင်တဲ့ သူမအတွက် အဆင်ပြေပါတယ်လေ…။
ပန်းခြံအထဲပင် မဝင်ရသေး… အားမရှိသည့်ခြေထောက်တို့အား အနားပေးရန် ပန်းခြံအဝရှိ ခုံတန်းရှည်ပေါ် အရုပ်ကြိုးပြတ်ထိုင်ချလိုက်တော့သည်။
ယခုအချိန်မှာ မမြင်ချင်ဆုံးက ဖုန်းဆိုတဲ့အရာပါဆိုမှ ထိုင်ချလိုက်သည့်နေရာကကြည့်ရင် အလှထားဖုန်းရုံလေးက မျက်စိရှေ့မှာပြူးလို့နေရော…။
ဒီနေ့နဲ့ဆို သူမ အဖေနဲ့ လုံးဝဆက်သွယ်လို့မရတာ ဘယ်နှစ်ရက်ရှိပြီလဲ…။ အခုဆို အဖေကအဆက်အသွယ်လုပ်မရလို့ အမေ့ကိုဂျီကျကာမှ အမေ့ဆီကပါ အအော်ခံရတဲ့အဖြစ်လောက် ဆိုးဝါးတာ ရှိပါလိမ့်ဦးမလား…။
ငိုချင်ပါသည်။ ဒါပေမယ့် ဒီအတွက်နဲ့ အိမ်ကသူငယ်ချင်းတွေရှေ့ ငိုပြမျက်ရည်ကျပြီး သူတို့တွေ စိတ်မကောင်းဖြစ်စေမည့်အလုပ်မျိုး မလုပ်ချင်…။ နဂိုကမှ မိမိရှေ့တွင်ဆို သူတို့မိဘတွေနဲ့တောင် တော်ရုံ ဖုန်းပြောကြတာ မဟုတ်ဘူးလေ…။
ပြီးတော့ မိမိမျက်နှာ အရိပ်အချေကိုတစ်ချိန်လုံးကြည့်၍ စိတ်ပူနေတတ်သော Jimin ရှေ့တွင်လည်း ငိုမပြချင်…။ နဂိုကမှ သူ့ဟာသူတောင် ပင်ပန်းနေတာကို သောကတွေ ထပ်မပေးချင်ပါလေ…။ ပြီးတော့ သူချော့ပုံမျိုးနဲ့ဆို ချော့လေ ပိုငိုချင်လေဖြစ်မှာ…။
ဒီနေ့လို ဘာလို့မျက်နှာမကောင်းတာလဲလို့ အတင်းလိုက်မေးနေရုံနဲ့တင် ငိုချချင်နေပြီ…။ ဒါကြောင့်လည်း သူ့ရှေ့ မငိုမိစေဖို့ သိသိသာသာ မျက်နှာမပျက်ခင် လစ်ထွက်ခဲ့ခြင်းဖြစ်သည်။ ဒီနေ့ကျမှ ပိုဆိုးချင်တော့ အရင်လို စိတ်တိုအောင်ဆွပေးတတ်တဲ့ Taehyung က ကုမ္ပဏီမှာ ရှိမနေ…။ အာရုံလွှဲစရာမရှိလို့ပဲ ဝမ်းနည်းမှုက ပိုသိသာလာစေတာလား…။