10

273 20 0
                                    

ရာဇဝင်ထဲက အချစ် ..

ဒီပါ ဗညားကိုမတွေ့သဖြင့် စာလိပ်များကိုယူ၍ ရေချိုးဆောင်မှ နန်းဆောင်ဆီသို့ ပြန်လာခဲ့လိုက်သည် ။ ထိုသို့ လမ်းလျှောက်လာရင်း စားဖိုဆောင်အလွန်သို့ရောက်သောအခါ ဒီပါစိုက်ထားသည့် နှင်းဆီပင်များအနားတွင် မတ်တပ်ရပ်နေသော ဗညားကို တွေ့ရသည် ။ ဗညားကို ရုတ်တရက်တွေ့လိုက်ရသောကြောင့် ဒီပါ ပြုံးလိုက်ပြီး

" ဗညား "

ဟု အော်ခေါ်လိုက်သည် ။ ဒီပါ့အော်ခေါ်သံကိုကြားသောအခါ ဗညားက လှည့်ကြည့်သည် ။

" မပြောမဆိုနဲ့ဘယ်ပျောက်သွားတာလဲ .... ငါမင်းကိုလိုက်ရှာနေတာ "

ဒီပါ ပါးစပ်မှပြောရင်း ဗညားအနားသို့ လျှောက်သွားလိုက်သည် ။ ဗညားက အနားသို့ရောက်လာသော ဒီပါ့ကို တစ်ချက်ကြည့်ကာ ဖြတ်ကနဲမျက်နှာလွှဲသွားသည် ။ ထို့နောက်

" ကျွန်တော်မျိုးတောင်းပန်ပါတယ် မင်းသား "

ဟု ပြောသည် ။ ဗညားပြောလိုသည်ကို ဒီပါ နားမလည်သောကြောင့်

" ဘာအတွက်ကြောင့် မင်းကငါ့ကိုတောင်းပန်ရတာလဲ "

ဟု မေးလိုက်သည် ။ သို့သော် ဗညားက ဒီပါ့မေးခွန်းကို ပြန်မဖြေ ။ ပြန်ဖြေရမည့်အစား ဒီပါ့ကို တင်းကြပ်စွာဖက်လာသည် ။ ဗညားက ရုတ်တရက်ဖက်လိုက်သောကြောင့် ဒီပါ လန့်သွားကာ လက်ထဲတွင်ကိုင်ထားသည့် စာရွက်လိပ်များ လွတ်ကျသွားသည် ။ ဗညားက ဖက်ရင်းနှင့်

" ကျွန်တော်မျိုးရဲ့ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ အရှင့်သား "

ဟု ဆိုကာ ဒီပါ့လည်ပင်းကို ခပ်ဖွဖွနမ်းသည် ။ ဒီပါ ဗညားကို ဘာစကားမှပြန်မပြောမိပဲ ငြိမ်သက်နေမိသည် ။ မိနစ်အနည်းငယ်ကြာသောအခါမှ ဒီပါ့ကို လွှတ်ပေးပြီး မြေကြီးပေါ်တွင်ဒူးထောက်ထိုင်ကာ

" ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ "

ဟု ပြောသည် ။ ကြမ်းပြင်ပေါ်တွင် ဒူးထောက်၍ထိုင်နေသော ဗညားကို ဒီပါ စကားတစ်ခွန်းမှမဆိုမိပဲ နေရာမှ ထွက်လာခဲ့လိုက်သည် ။

🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻 🌻🌻

ဗညား ဖျင်စပေါ်တွင် ရုပ်ပုံတစ်ခုကိုရေးဆွဲရင်း ညနေက မင်းသားနှင့် တွေ့ဆုံခဲ့ရသည့်အကြောင်းကို ပြန်တွေးနေမိသည် ။ ညနေက ဗညား ရေချိုးနေသောမင်းသားကို အဖော်လုပ်ပေးရင်း စာဖတ်ပြနေခဲ့သည် ။ ထိုသို့ စာဖတ်ပြရင်း စာလိပ်တစ်လိပ်က ခုံပေါ်မှကျကာ မင်းသားရှိနေသည့် ရေချိုးဆောင်အပေါက်ဝသို့ ရောက်သွားသည် ။ ပထမက ဗညား မင်းသားရေချိုးပြီးမှကောက်ရန် စိတ်ကူးမိသော်လည်း စာလိပ်ကို ရေစိုသွားကာ စာများပျက်သွားမည်စိုး၍ ချက်ချင်းပင်ကောက်ရန် ဆုံးဖြတ်ချက်ချကာ ရေချိုးဆောင်အပေါက်ဝဆီသို့ လျှောက်လာခဲ့လိုက်သည် ။ ထိုအခါ စိတ်အေးလက်အေး ရေစိမ်နေသော မင်းသားကို ဗညား တွေ့လိုက်ရသည် ။ ဗညား မင်းသား၏အပေါ်ပိုင်းကို ကျောမှဒဏ်ရါများကို ဆေးလိမ်းပေးစဉ်က တွေ့ဖူးသော်လည်း မည်သည့်ခံစားချက်မှမဖြစ်ဖူး ။ ယခုညနေတွင်မူ ဤသို့မဟုတ် ။ မင်းသားကိုကြည့်ရင်း ဗညားစိတ်ထဲတွင် တစ်မျိုးခံစားရသည် ။ ယခုချက်ချင်းပင် ရေထဲသို့ဆင်း၍ သွေးရောင်ပြေးနေသော မင်းသား၏နှုတ်ခမ်းများကို မက်မောစွာ နမ်းရှိုက်ပစ်ချင်နေမိသည် ။ ထို့ကြောင့် စာလိပ်ကိုလျင်မြန်စွာကောက်သိမ်း၍ ခုံပေါ်တွင်တင်ကာ မင်းသားနှင့် ဝေးရာဆီသို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည် ။ ထိုသို့ ထွက်ပြေးခဲ့သော်လည်း မင်းသားက ဗညားရှိရာဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည် ။ ယခုတစ်ကြိမ်တွင်မူ ဗညား ကိုယ့်စိတ်ကိုယ်မနိုင်တော့ ။ နွေးထွေးသောမင်းသား၏ ခန္ဓာကိုယ်ကို တင်းကြပ်စွာဖက်လိုက်မိသည် ။ ထိုသို့ဖက်ထားရင်း ယခုမှ ရေချိုးပြီးစဖြစ်၍ မွှေးရနံ့သင်းနေသော မင်းသား၏လည်ပင်ကို မသိမသာ ခိုးနမ်းလိုက်မိသည် ။

ရာဇဝင္ထဲက အခ်စ္ ... / ရာဇဝင်ထဲက အချစ် ... (14)Tempat cerita menjadi hidup. Temukan sekarang