Part - 3

3.4K 383 48
                                    

(Zawgyi)

ဆိုးလ်တက္ကသိုလ်တစ်ခုတည်းမှာ အတူတူတက်နေကြပေမယ့်လည်း ဂျီမင်းကို ဒရိုင်ဘာလီက အပို့အကြိုလုပ်ပြီး ထယ်ယောင်းကိုတော့ ကိုကြီးဆော့ဂျင်က အကြိုအပို့လုပ်ပေးရတယ်...။ အိုမားကလည်း ပြဿနာဖြစ်မှာစိုးလို့ အတင်းအကြပ်ပြောမနေတော့ပါ...။

ဂျီမင်းအနေနဲ့ အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိပေမယ့် ထယ်ယောင်းကမှ သူ့ကိုမခေါ်ချင်တော့လည်း အတင်းလိုက်မရောဖြစ်တော့ပေ...။ တချိန်ချိန်ကျရင်တော့ အဆင်ပြေသွားလောက်ပါရဲ့...။ ဘယ်လိုပဲဖြစ်ဖြစ် တစ်အိမ်တည်းမှာ အတူတူနေကြတဲ့သူတွေမလား...။

"ဂျီမင်းလေး ကျောင်းရောက်ပြီလေ"

ဒရိုင်ဘာလီက လှမ်းပြောတော့မှပဲ အတွေးတွေကြားထဲနစ်မျောနေတဲ့ဂျီမင်း သတိပြန်ဝင်သွားရတယ်...။

"ကျေးဇူးပါနော်... သွားလိုက်ပါဦးမယ်"

"အေး အေး.. ဂရုစိုက်သွား"

တစ်အိမ်လုံးမှာ ထယ်ယောင်းကလွဲပြီး ကျန်တဲ့သူတွေက ဂျီမင်းအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံကြတာကြောင့် တော်သေးတယ်ပြောရမယ်...။ ကားပေါ်ကဆင်းလိုက်တာနဲ့ ဘေးပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်ရတာက ဂျီမင်းရဲ့အလုပ်တစ်ခုပင်...။ အနိုင်ကျင့်တဲ့အုပ်စုကို သူအတတ်နိုင်ဆုံးရှောင်ရှားဖို့ ကြိုးစားနေခြင်းပင်...။

"တော်ပါသေးရဲ့... တစ်ယောက်မှမတွေ့လို့"

စိတ်အေးသွားသလို သက်ပြင်းလေးချလိုက်ပြီး ဂျီမင်းလည်း ကျောပိုးအိတ်လေးကို သေချာလွယ်လိုက်ကာ ခြေလှမ်းခပ်သွက်သွက်နဲ့ အတန်းရှိရာသို့ ထွက်လာခဲ့လိုက်တယ်...။ သို့သော် သူ့အပျော်လေးက ကြာကြာမခံခဲ့ပါ...။ ကော်ရစ်ဒါအကွေ့တစ်နေရာရောက်တော့ သူ့နောက်ကနေ ကျောပိုးအိတ်ကို တစုံတယောက်က ဆောင့်ဆွဲလိုက်တာကြောင့် လှည့်ကြည့်မိတော့ သူတို့အုပ်စုဖြစ်နေတယ်လေ...။

"ဘာလဲ ငါတို့နဲ့မတွေ့ရတော့ဘူးဆိုပြီး ပျော်နေတာလား"

"မ... မဟုတ်ပါဘူး"

"ဘာမဟုတ်တာလဲ... ငါတို့က မင်းကိုစောင့်ကြည့်နေတာပါကွ"

ဂျီမင်းအခုမှပဲ တုန်တုန်ရင်ရင်နဲ့ ကြောက်လန့်နေမိတယ်...။ ပိုက်ဆံယူသွားတာက အကြောင်းမဟုတ်ဘူး...။ လူကိုပါ ကိုယ်ထိလက်ရောက်နှိပ်စက်မှာစိုးတာ...။ တခြားကျောင်းသားတွေကလည်း အနိုင်ကျင့်ခံနေရတာကိုတွေ့ရက်နဲ့ မသိသလိုရှောင်ကွင်းသွားကြတာကြောင့် အကူအညီတောင်းလို့ကလည်းမဖြစ်ချေ...။

Chemistry Between Us (Completed) Where stories live. Discover now