နွဲ့ဆိုးဗိုလ် ( ၃ )
၁၀ တန်း အောင်စာရင်းတွေ ထွက်တော့ မိုးေ၀ အောင်တယ်၊ ချမ်းချမ်း အောင်တယ်၊ သီဟန်လည်း အောင်တယ်။ ဗိုလ်ဗိုလ် ကျတယ်။
ဗိုလ်ဗိုလ် ရှက်လိုက်တာ။ တစ်သက်နဲ့ တစ်ကိုယ် ဒီလို အတန်း မကျဘူးဘူး။ ငယ်ငယ်လေး ကတည်းက တစ်နှစ် တစ်တန်း အောင်ခဲ့တာချည်းပင်။ ရှက်လွန်းလို့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး မျက်ရည်တွေ ဗိုလ်ဗိုလ့် ပါးပေါ် တလိမ့်လိမ့် စီးကျလာတယ်။ နှပ်တွေပါ ထွက်လာတယ်။
ဗိုလ်ဗိုလ့် ကုတင်ပေါ်မှာ ဘေးချင်းယှဉ်ထိုင်နေတဲ့ သီဟန်က .. မျက်နှာကို လက်ဖဝါးနှစ်ဘက်နဲ့ အုပ်ပြီး ငိုနေတဲ့ ဗိုလ်ဗိုလ် ရဲ့ ပုခုံးပေါ် သူ့လက်တစ်ဘက် တင်ပြီး တင်းတင်းဖက်ထားပါတယ်။
ကိုလင်းကတော့ တနင်္ဂနွေနေ့မို့ ချက်ချင်း ရောက်မလာတတ်သေး။
ဗိုလ်ဗိုလ် ကျောင်းပြန်တက်ရမယ်ပေါ့။
နောက်က တက်လာတဲ့ အတန်းသစ်ကို ဗိုလ်ဗိုလ် တက်ရတယ်။ ဘဝမှာ ဒုတိယအကြိမ် အရှက်ဆုံးပါ။ ဗိုလ်ဗိုလ် တက်ရမယ့် တန်းခွဲ ဂငယ် ရဲ့ အခန်း၀ ရောက်တော့ စာသင်နေတဲ့ အတန်းပိုင် ဆရာမ က ဗိုလ်ဗိုလ် ထိုင်ဘို့ အတွက် နေရာပြရမှာမို့ စာသင်ရပ်လိုက်တယ်။
အဲ့တော့ တတန်းလုံးက ကျောင်းသားတွေရဲ့ မျက်လုံးတွေ .. မျက်လုံးတွေက .. မတ်တပ်ရပ်နေတဲ့ ဗိုလ်ဗိုလ့် ဆီကို ရောက်လာကြပါတယ်။ ရှက်လိုက်တာ ရှက်လိုက်တာ။ ခံပြင်းလိုက်ရတာ။ ဗိုလ်ဗိုလ် ခေါင်းကို ငုံ့ထားလိုက်ရတယ်။
အတန်းသစ်က ချာတိတ်တွေက အရင် ၉တန်းသမားတွေမို့ အများစုကို မြင်ဘူးရုံက လွဲလို့ အသေအချာမသိ။ သိစရာလည်းမလို။ ဗိုလ်ဗိုလ် စိတ်မဝင်စား။ သူတို့ ကလည်း ဗိုလ်ဗိုလ် ဟာ နှစ်ကြီးသမားမို့ ဘာသိဘာသာ နေလိုက်ကြတာကို ဗိုလ်ဗိုလ် က ဘဝင်မကျ။ သူ့ကို ၁၀တန်းကျဆိုပြီး အပေါင်းအသင်း မလုပ်ချင်လို့လို့ ထင်လိုက်တယ်။
စာသင်ရတာလည်း သိပြီးသား သင်ခဲ့ဘူးပြီးသားချည်း။ သစ်တာ ဆန်းတာ ဘာမှမရှိ။ မနှစ်က ကျက်ထားပြီးသား စာတွေမို့ ၃လ၊ ၄လ အလိုမှာ အနီးကပ် တွန်းတွန်းထိုးထိုး ကျက်လိုက်ရင် ဗိုလ်ဗိုလ် ဒီနှစ် ၁၀တန်း ကျွတ်ပြီ။ အဲ့မှာတင် ဗိုလ်ဗိုလ် ကျောင်းနေ မပျော်တော့။ တဖြေးဖြေးနဲ့ ဗိုလ်ဗိုလ် ကျောင်းပြေးတတ်လာတယ်။ ကျောင်းမုန့်စားဆင်းချိန်ဟာ ဗိုလ်ဗိုလ် အတွက် ကျောင်းဆင်းချိန် ဖြစ်လာခဲ့တယ်။
ပထမတော့ ကျောင်းဝင်းထဲက ထွက်လိုက်တာနဲ့ ဗိုလ်ဗိုလ့် ခြေလှမ်းတွေက မြို့ထဲ ရုပ်ရှင်ရုံတွေဘက်ဆီ တန်းလို့ပါ။ ကြည့်စရာ ကားကလည်း သိပ်မရှိတော့၊ ရုပ်ရှင်ကိုလည်း ငြီးငွေ့လာတော့ မြို့ထဲ ဟိုငေး ဒီငေးလုပ်၊ ဗန္ဓုလ ပန်းခြံဝင်ထိုင်၊ ပန်းဆိုးတန်း ဗောတံတား သွားထိုင်ပြီး သမ္ဗာန်တွေငေးနဲ့ အချိန်ကို ရနိုင်သမျှ ကြံဖန်ဖြုန်းသည်ပေါ့။ ဗိုလ်ဗိုလ့် အတွက် အချိန်ဆိုတာ ပိုလို့လျှံလို့ပါ။
ESTÁS LEYENDO
" နွဲ့ဆိုးဗိုလ် "
Novela Juvenilရေးသားသူ - Min Lwin Myue Hein တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ... ရေးသားသူ - မင်းလွင်မြူဟိန်း တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ...