( ၂၅ )
သင်တန်းကို ရောက်တော့ .. မြန်မာပြည်က လို့မပြောနဲ့ .. အာရှဘက်က .. အာရှသားဆိုလို့ ဗိုလ်ဗိုလ် တစ်ယောက်တည်းသာ ရှိပါတယ်။ ကျန်တာက .. အဖြူကောင်တွေချည်းပဲ။
Tampa ကို ရောက်တော့ .. အဉ္ဇလီ ပေးလိုက်တဲ့ ကျောက်မျက်ပုံတော်ကို .. ဗိုလ်ဗိုလ် ဖွင့်ကြည့်လိုက် တယ်။ ပါလာတဲ့ ပိုက်ဆံနဲ့.. စောစောပို့လိုက်တာ ကောင်းမယ်။ နောက်ပိုင်းမှာ သင်တန်းက တက်ရမှာနဲ့ .. ကွင်းဆင်းခရီးတွေ ထွက်ရမှာနဲ့ .. ဘယ်နေရာ ဘယ်ဒေသ ဘယ်အရပ်ကို ရောက်ဦးမယ် မသိ။ စောစောပို့လိုက်တော့ .. စောစောတာဝန်ကျေရောပေါ့။
သင်တန်းရုံးခန်းက Receptionist ကို .. စာတိုက် ဘယ်နားမှာ ရှိသလဲ မေးပြီး .. စခန်းပြင်ပကို ထွက်လာခဲ့ပါတယ်။
အမေရိကန်မြို့ပြရဲ့ .. လမ်းမ ပလက်ဖောင်းအတိုင်း .. ဗိုလ်ဗိုလ် ကြွကြွရွရွ လျှောက်လာခဲ့ပါတယ်။ တကိုယ်ရည် လွတ်လပ်မှုရဲ့ သရုပ်သကန် လွင့်မျောခြင်း ဆိုတဲ့ ရသ တစ်ပါးကို .. ခံစားခဲ့ရပေါင်း များခဲ့ပြီ ဆိုပေမယ့် .. ဒီတစ်ခါ လွင့်မျောမှုက .. ဆွေမရှိ မျိုးမရှိ အသိမိတ်ဆွေတွေ မရှိတဲ့ .. အမေရိကန်မြို့ပြ တစ်နေရာ မှာ .. အလွတ်လပ်ဆုံးထက် ပိုပြီးလွတ်လပ်တဲ့ မြောက်ကြွမှုတွေက .. ဗိုလ်ဗိုလ် စီးထားတဲ့ All Star ဘိနပ်အသစ်လေးကိုတောင် .. မြေမနင်းသားလေး ဖြစ်သွားအောင် ပင့်ဆောင်ပေးထား သလား .. ထင်မှတ်မှားရပါတယ်။
All Star ဘိနပ် အတောင်ပေါက်လို့ .. ဗိုလ်ဗိုလ် တစ်ယောက် .. ထက်ကောင်းကင် မိုးယံအမြင့်ပေါ်များ ရောက်နေသလား .. .. ..
လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို .. တိမ်ဆိုင်တွေက စင်းခံပေးနေသလို .. ဗိုလ်ဗိုလ့် စိတ်တွေ ပေါ့လို့ ပါးလို့..
မက္ကဆီကို ပင်လယ်ကွေ့ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေကလည်း .. လမ်းလျှောက်နေတဲ့ ဗိုလ်ဗိုလ့် ကို .. နောက်ကနေ တွန်းပို့ပို့နေလိုက်သေး။ တခါတခါများ .. ဗိုလ်ဗိုလ့် နှဖူးကို ဖြတ်လို့ .. နမ်းဝှေ့သွားလိုက်သေးရဲ့။
ကောင်းလိုက်တဲ့လမ်းတွေ .. ကတ္တရာတွေက တင်းလို့မာလို့။ ကောင်းလိုက်တဲ့ ကားတွေ ဣန္ဒြေကို ရလို့.. ဘယ်သူမှ ကားတွေကို အမြန်မမောင်း။ လူနေ အိမ်တွေ .. စီလို့ကျော့လို့ အလွန်ဆုံး နှစ်ထပ်အိမ်တွေပဲ။ ခပ်မြင့်မြင့် အိမ်ရယ်လို့ သိပ်မရှိလှ။ မိုးမြင့်ဟိုတယ်ကြီးတွေကိုတော့ ဗိုလ်ဗိုလ် စိတ်မဝင်စား။
![](https://img.wattpad.com/cover/185134444-288-k153757.jpg)
ČTEŠ
" နွဲ့ဆိုးဗိုလ် "
Teenfikceရေးသားသူ - Min Lwin Myue Hein တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ... ရေးသားသူ - မင်းလွင်မြူဟိန်း တစ်ခေတ်တစ်ခါက mlgbts website တွင် နာမည်ကြီးခဲ့သော အခန်းဆက်ဝတ္ထုရှည် ...