အပိုင်း ၅

4.7K 81 0
                                    

( ၅ )

ဒီနေ့ ကျောင်းမှာ ဆရာကန်တော့ပွဲရှိတယ်တဲ့။ ကျောင်းသားတစ်ယောက်ကို စမူဆာနဲ့ အအေးတစ်လုံးစီ တိုက်မယ်တဲ့။ စာသင်ချိန် အတော်များများကို ရပ်လိုက်တယ်။ အခမ်းအနားကို ဝိုင်းကူလုပ်နိုင်အောင်တဲ့။

လုပ်ကြပေါ့ ကိုပါချင် မပါချင်တို့။

ဗိုလ်ဗိုလ် က နှစ်ကျပဲ။ ပြီး .. လူတွေ တရုံးရုံးနဲ့၊ ဗိုလ်ဗိုလ် မနေတတ်။ မနေချင်။ အဲဒါနဲ့ ကျောင်းပြင်ကို အလိုလို ထွက်လာခဲ့တယ်။

ဒါတောင် အတန်းထဲမှာ ဘေးချင်းကပ် အတူတူထိုင်တဲ့ တစ်ယောက်က တွေ့သွားပြီး ..

“ဗိုလ်ဗိုလ် ဘယ်လဲကွ”

လို့ လှမ်းမေးလိုက်သေးတယ်။

“ဘယ်မှ မဟုတ်ပါဘူး။ အတန်းတွေ ဖျက်လိုက်တော့ အိမ်ပြန်တော့မယ်လေ။”

ဗိုလ်ဗိုလ် တော်၏ လျှော်၏ ဖြေပြီး အသာလစ်ထွက်ခဲ့တယ်။ ကျောင်းအပြင်ရောက်မှ ဘယ်ကိုသွားရမှန်း မသိ။ ရုပ်ရှင်ရုံလား .. မြို့ထဲကိုလား။

နှစ်နေရာစလုံးကို ရံဖန်ရံခါ သီဟန်နဲ့က သွားနေကျ။ ဗိုလ်ဗိုလ် တစ်ယောက်ထဲ မသွားချင်တော့။

ဘယ်မှ လျှောက်သွားမနေနဲ့၊ ကို့ ဆီကို လာ လို့ ကိုလင်း ပြောထားဘူးတာပဲ။

ကိုလင်း ဆီကို သွားမယ်ပေါ့။ ကိုလင်းက ရောက်ရင် စာဖတ်ခိုင်းဦးမှာလားမသိ။ ဒီအချိန် အိမ်ပြန်လို့ ကလည်း စောနေသေးတယ်။ နောက်တော့ ကိုလင်းဆီကိုပဲ သွားဘို့၊ ကိုလင်း ရှိ မရှိ သိရအောင် လမ်းဘေးဖုံးနဲ့ ကိုလင်းဆီကို ဖုံးဆက်လိုက်ပါတယ်။

“ဟယ်လို၊ ကိုလင်းလင်း ရှိပါလား ခင်ဗျာ”

ဖုံးလာကိုင်တဲ့သူကို ဗိုလ်ဗိုလ် မေးလိုက်ပါတယ်။

“ခေနလေး။”

တဘက်က မြန်မာလို မပီကလာ ပီကလာနဲ့ ပြန်ပြောပြီး ဖုံးကို စားပွဲပေါ် ချလိုက်သံ ကြားလိုက်ရတယ်။ ပြီးတော့ ဗိုလ်ဗိုလ် နားမလည်တဲ့ ဘာသာစကားနဲ့ ပြောတဲ့ စကားသံတွေ ဆက်ကြားရပြီး .. လူတစ်ယောက်က ဖုံးလာကိုင်တယ်။

" နွဲ့ဆိုးဗိုလ် "Tahanan ng mga kuwento. Tumuklas ngayon