Arc_1.9

3.6K 485 4
                                    

#Unicode

ဖရန့်စ်သည် သူ၏ပတ်လည်တွင် ပြန့်ကျဲနေသော အလောင်းကောင်များအား ကြည့်လိုက်သည်။ သူ့ဆီပြေးဝင်လာခဲ့သော သန္ဓေပြောင်းကောင်များသည် သူ၏ဓားချက်များအောက်တွင် အရှုံးကြီးရှုံးခဲ့ရလေပြီ။ ဖရန့်စ်သည် သူ၏ဓားသွားအား ကြည့်လိုက်၏။ ဓားရှည်သည် အလောင်းကောင်များကို ထိတွေ့ခဲ့ရသော်လည်း ထိုအကောင်များ၏သွေးစများကတော့ ဓားရှည်တွင်ပေကျံခြင်းမရှိ။ ဓားရှည်တွင်တော့ နာမည်မရှိ။ မထင်ထားတာက သူ၏အသက်ဓားရှည်က သူ့နောက်လိုက်လာမည်ဟု။ ဖရန့်စ်သည် သူ၏ဓားရှည်အား ကြည့်နေရင်းဖြင့် ကျေကျေနပ်နပ်ပြုံးလိုက်၏။

ထိုအချိန်တွင် ဖရန့်စ်ရပ်နေသော မြေကြီးသည် ပြိုကျတော့မည့်အလား တုန်ခါလာပေ၏။ ဖရန့်စ်သည် မျက်ခုံးတစ်ဖက်ပင့်ကာ အရှေ့ကို ကြည့်လိုက်၏။ သန္ဓေပြောင်းကောင်များက စူးစူးဝါးဝါးအော်ဟစ်ကာဖြင့် သူ့ဆီကို အလုအယက် ပြေးလာနေကြသည်။ သူ့ဆီကိုသာ ဦးတည်နေကြတာကြောင့် သူတို့အချင်းချင်းတိုက်မိကြသူကြတိုက်မိ၊ ဖိနင်းခံရသူက ခံရဖြစ်နေကြသော်လည်း ပြေးနေခြင်းမှာမူ ရပ်တန့်ခြင်းမရှိ။

ဖရန့်စ်မျက်မှောင်ကြုတ်သွားရသည်။ ထိုအချိန်မှာပင် ဖရန့်စ်ကိုယ်ထဲမှ အမည်းရောင်အငွေ့များက ထွက်လာကာ ဖရန့်စ်အရှေ့တွင် ကွယ်လိုက်ကြသည်။ အမည်းရောင်အငွေ့များသည် တဖြည်းဖြည်းချင်းဖြင့် လူသဏ္ဍာန်အသွင်ပြောင်းသွားကြသည်။ အငွေ့များဖြင့် ကာရံနေသောကြောင့် ဖရန့်စ်သေချာမမြင်ရပါချေ။ သူမြင်လိုက်ရတာက လူရိပ်သုံးခုသည်သာ။

ဖရန့်စ်ကြည့်နေရင်းဖြင့် အမည်းရောင်အငွေ့များပြောင်ရှင်းသွားကာ လူမဟုတ်သည့် နတ်ဆိုးဝိညာဥ်သုံးခုကို တွေ့လိုက်ရသည်။ ထိုသုံးဦးကတော့ ဝိညာဥ်မိန်းမပျို၊ ခေါင်းပြတ်လူထွားကြီးနှင့် ကလေးလေးတို့သာ ဖြစ်လေသည်။ ဝိညာဥ်မိန်းမပျိုသည် ပြုံးလိုက်၏။ အကယ်၍ သူမသည်သာ လူသားပုံစံနှင့်ဆိုလျှင်တော့ ထိုအပြုံးသည် နှစ်လိုဖွယ်ကောင်းလိမ့်မည်ဖြစ်သော်လည်း ယခုအခါတွင်တော့ သူမ၏မျက်နှာပေါ်တွင် ဓားခြစ်ရာများရှိနေသောကြောင့် အလွန်ပင် အကျည်းတန်လှ၏။ ခေါင်းပြတ်လူထွားကြီးကမူ တံဇဥ်တစ်ချောင်းကို ကိုင်ထား၏။ ထိုလူ၏ခေါင်းပြတ်ကမူ သွေးများစီးကျနေဆဲ။ ကလေးလေးကမူ တခစ်ခစ်ရယ်လာလေသည်။ ထို့နောက် သန္ဓေပြောင်းကောင်များထံသို့ ပြေးသွားလေသည်။ ကလေးလေးသည် သန္ဓေပြောင်းကောင်များနှင့်နီးကပ်လာသည်နှင့်အမျှ သူ၏ပါးစပ်က တဖြည်းဖြည်းကျယ်လာကာ သန္ဓေပြောင်းကောင်များအား အစအနမကျန်အောင် အကောင်လိုက်ဝါးမျို၏။ သန္ဓေပြောင်းကောင်များ၏ အရိုးများတဂျွတ်ဂျွတ်မြည်သံကို ကြားနေရပါ၏။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now