အပျော်မက်လွန်းသည့် ကျိုးချန်ဟာ သတိလက်လွတ် ပေါ့လျော့ခဲ့သည်။ ဆောင်ကြာမြိုင်ကနေ အမူးလွန်ပြီး ပြန်လာခဲ့သည့် ကျိုးချန်ဟာ လူပြတ်သည့် လမ်းဆုံတွင် ခြုံခိုတိုက်ခိုက်ခံရသည်။
အထူးလေ့ကျင့်ထားသည့် စစ်သည်တော်မို့ ခုခံ၍ တိုက်ခိုက်နိုင်သော်လည်း အများနှင့်တစ်ယောက် မယှဉ်သာခဲ့။ ကျိုးချန် သွေးအိုင်ထဲ ဒဏ်ရာဗလပွနှင့် သတိမေ့နေခဲ့သည်။
ကျင့်ရုံ အာရုဏ်တတ်ခါနီးနေပြီ ဖြစ်၍ ရောက်မလာသည့် ကျိုးချန်ကို ဆောင်ကြာမြိုင်တွင်သာ သွားရှာရန် ဆုံးဖြတ်ချက်ချပြီးနောက် ဆောင်ကြာမြိုင်သို့ သုတ်ချေတင်ရသည်။
အာရုဏ်တတ်ခါနီးမို့ အသံတို့ဟာ တိတ်ဆိတ်စ ပြုနေပြီဖြစ်သည်။
- ဆိုင်ရှင် ! သူရဲကောင်းကျိုးက ဘယ်အခန်းမှာလဲ?
- ဪ.... ကျိုးသခင်လေးက ပြန်သွားတာ သန်းခေါင်မတိုင်ခင်တည်းကပါ....
ကျင့်ရုံ အမြန်ထွက်လာပြီးနောက် လမ်းကြိုလမ်းကြား အနှံ့လိုက်ရှာတော့သည်။ ဒီနေ့ သူ့စိတ်ဟာ ကျိုးချန်အဖို့ အရမ်းကိုလေးလံနေခဲ့သည်။
ကျင့်ရုံ လူနေအိမ်နည်းသော လမ်းထဲသို့ ဝင်လာသည်နှင့် သတိကို ကြီးစွာထားရသည်။ ခုချိန်ဟာ ဘာမဆို ဖြစ်သွားနိုင်သည်လေ။
ကျင့်ရုံ မကြာပါ။ သွေးအိုင်ထဲ မရှု့မလှ လဲကျနေသည့် ကျိုးချန်ကို တွေ့လိုက်ရသည်။
- သူရဲကောင်း ကျိုး!
ကျင့်ရုံ ကျိုးချန်ရဲ့ ပါးကို ပုတ်၍နိုးသည်။ တုံ့ပြန်မှုက ရှိမလာ။ နှာခေါင်းပေါက်နား လက်ထားကြည့်တော့ အသက်ငွေ့ငွေ့ ကျန်သေးသည်။
ကျင့်ရုံ ခဲရာခဲစစ် ကျိုးချန်ကို ပိုးပြီးနောက် သူအယုံကြည်ရဆုံးဖြစ်သည့် စိမ့်ဂေဟာ ဆောင်ကြာမြိုင်သို့ ရောက်လာခဲ့သည်။
ထိုညကသာ ကျိုးချန် ကျင့်ရုံနှင့် ထိုင်နေကျခုံတွင် ထိုင်ခဲ့လျှင် ရိပေါ်တို့ ကံကြမ္မာဟာ ဆိုးခဲ့မည်မဟုတ်။ ကျင့်ရုံ နန်းတွင်းသို့ ရိပေါ်ထံ အကြောင်းကြားချင်ပါသော်လည်း အဆက်အသွယ်က မရှိခဲ့။ ဆောင်ကြာမြိုင် ပိုင်ရှင်ကို တောင်းလို့ရပေမယ့် ထိုကိစ္စကို မပေါက်ကြားစေချင်။ ကျင့်ရုံအခက်တွေ့ရသည်။