Unicode
"ဒီမှာ ဒီမှာ သတိထားပါဦး"
အဲ့ဒီအမျိုးသမီးက ကုတင်ပေါ်မှာ မှောက်လျက်လဲနေတယ်။ ပါးစပ်မှာလဲ အမြုပ်တွေနဲ့ ကုတင်ဘေးက စားပွဲကိုကြည့်လိုက်တော့ အရက်ပုလင်းတွေနဲ့ဆေးတွေ။ ဘယ်လောက်လှုပ်နိုးနိုး လုံးဝမထူးလာ။ တော်ရုံအရက်သမားဆိုရင် မနေ့ညကသောက်ရင်တောင် အခုဆို သတိပြန်ရနေပြီလေ ဒါကတော့ မဟုတ်သေးပါဘူး။ တံခါးပေါက်က အသံကြားတာကြောင့် အိပ်ခန်းထဲကနေ ဒီကိုလာဖို့လှမ်းအော်လိုက်တယ်။
"လူနာတင်ယာဥ်အမြန်ဆုံးခေါ်ပေးပါ ဒီတစ်ယောက် သတိလုံးဝရမလာတော့ဘူး"
ခဏနေတော့ လူနာတင်ယာဥ်ရောက်လာတယ်။ ကိုယ်ကပထမဆုံးတွေ့တာကြောင့် မန်နေဂျာရော တခြားသူတွေကပါလိုက်ခိုင်းတာနဲ့ သူနဲ့အတူတူယာဥ်ပေါ်တက်လိုက်သွားတယ်။ ဆေးရုံရောက်တော့ လူနာအခန်းရှေ့မှာပဲ မတ်တပ်ရပ်နေလိုက်တယ် ဆရာဝန်တွေ စစ်ဆေးနေတာမို့။ ဆရာဝန်ထွက်လာတော့
"ဆရာ့ အခြေနေဘယ်လိုရှိလဲရှင့်"
"တော်သေးတာပေါ့ဗျာ အချိန်မှီလို့ အရက်နဲ့အိပ်ဆေးနဲ့တွဲသောက်ထားတာ ဖြစ်ချင်တော့ အိပ်ဆေးက မပြင်းလို့ မသေရုံတမယ်ပဲ"
"လူနာကဘယ်အချိန်သတိ..ပြန်...ရ"
"သိပ်မကြာခင် ပြန်ရတော့မှာပါ သေချာဂရုစိုက်လိုက်ပါဦး"
"ဟုတ်ကဲ့ ကျေးဇူးပါ ဆရာ"
လူနာခန်းထဲဝင်ပြီး ကုတင်နားရပ်ကြည့်လိုက်တော့ သူကသတိပြန်မရသေး။ မျက်တောင်စင်းစင်လေးတွေနဲ့ မှေးစက်နေတာ မျက်ခွံပေါ်ကမှဲ့လေးက အထင်းသား။ သူအိပ်နေတဲ့ပုံက အေးချမ်းပြီး အပြစ်ကင်းစင်တဲ့ကလေးမျက်နှာလေးပေမယ့် ဘာလို့ ကိုယ့်ကိုယ်ကိုသေချင်ရလောက်အောင်အထိ စိတ်ညစ်စရာတွေရှိနေရတာလဲ။ အရာရာလည်းပြည့်စုံနေမယ့်လူတန်းစားမျိုး။ သူသတိရလာရင် ဗိုက်ဆာမယ်ထင်တာနဲ့ မုန့်ထွက်ဝယ်ဖြစ်တယ်။
"အေး ရှာတွေ့လား သူ့ဖုန်း? မလိုက်လာခဲ့နဲ့တော့ အင်းအင်း"