Unicode
ကားမောင်းရင်းဘေးကိုကြည့်လိုက်တော့ Jane ကတက်ကြွနေတယ်။ မနေ့ညက မနက်ဖြန်သွားမယ်ပြောလိုက်လို့ သွားမယ့်ရက်နားကပ်မှပြောရလားဆိုပြီး ဆူဆူပူပူနဲ့ မလိုက်တာလဲမဟုတ်ဘဲ ကုန်းရုန်းထပြီးအဝတ်တွေထည့်နေတယ်။ ဒီနေ့မှခွင့်ရက်တောင်းပြီး အခုလိုပြောရတာပါလို့ပြောမှ လျှော့ပေးတယ်။ နေ့လည်ထမင်းစားပြီးမှ ထွက်လာခဲ့ကြတာ။ ကားမောင်းနေတဲ့ကိုယ့်ကို သူကငေးငေးကြည့်နေတယ်။ ကိုယ်ပြန်ကြည့်ရင် သူကမျက်နှာလွှဲပြန်။
"ဘာတွေအဲ့လောက်တောင်ကြည့်နေတာလဲ"
"သူကျသူများကို အမြဲကြည့်နေပြီးတော့ အခုပြန်ကြည့်တာ ဘာဖြစ်လို့လဲ"
"ဟုတ်ပါပြီရှင် ဘာမှမဖြစ်ရပါဘူး"
အဲ့လိုပြောတော့ သူကပြုံးပြီး ကားပြတင်းပေါက်ဖက်ကိုလှည့်သွားတယ်။ သူကတစ်ချက်တစ်ချက် သီချင်းလေးတွေ တိုးတိုးလေးညည်းနေတယ်။ တိတ်ဆိတ်နေတာကြောင့် ကြားနေမိတယ်။ ခဏနေတော့ သူကရေဒီယိုဖွင့်ပြီး သီချင်းလိုင်းတွေပြောင်းနေရဲ့။
"တစ်ပုဒ်ထဲပြီးအောင်နားထောင်လေ"
ကိုယ့်မှာနားထောင်လို့ကောင်းလာပြီလုပ်လိုက် သူကသီချင်းတောင်မဆုံးသေးဘူး နောက်တစ်ပုဒ်ပြောင်းလိုက်နဲ့လုပ်နေလို့ စိတ်မရှည်တာနဲ့ မတိုးမကျယ်ပြောချလိုက်တယ်။ အဲ့တော့မှ သူကဆူဆူပုတ်ပုတ်နဲ့တခြားတစ်ပုဒ်ကိုပြောင်းဖို့လုပ်နေတုန်း
"ဒီ ဒီတစ်ပုဒ်ထား အရမ်းနားထောင်လို့ကောင်းတယ်"
ပြောပြီးချက်ချင်း Lisa စီယာတိုင်လေးပုတ်ပြီး အသံအကျယ်ကြီးနဲ့လိုက်ဆိုပါတော့တယ်။ သူက ကိုယ့်ကိုကြည့်ပြီး အူတက်အောင်ရီတယ်။ သီချင်းအလယ်ပိုင်းလောက်ရောက်တော့ Janeလဲစိတ်မထိန်းနိုင်တော့တာနဲ့ လိုက်ဆိုပါတော့တယ်။ Janeလက်ကိုမိုက်ကိုင်ထားတဲ့အမူအရာလေးလုပ်ပြီး ခေါင်းကိုဘယ်ညာယိမ်းကာထဆိုတော့တယ်။ ကားထဲမှာ သီချင်းသံရယ် နှစ်ယောက်သားအော်ဆိုနေသံများက ဆူညံလျက်။
